Thursday 27 December 2012
ဒီဇင်ဘာ ရဲ့ ညတစ်ညမှာ...
ဒီဇင်ဘာရဲ့ ညတစ်ညမှာပေါ့..
မာန တွေကိုခွါချ..
သိက္ခာတွေကို ဟာသလုပ်ခံရဖူးတယ်...။
နှင်းမကျတဲ့ ဆောင်းတစ်ညမှာပေါ့...
အထင်းသားလို့ ထင်မှတ်ခဲ့တဲ့ 
သူ့ အကြင်နာတွေ..
ပြတင်းတံခါး လေတစ်ချပ်အတိုးမှာ..
အခိုးအငွေ့ အလား ပျောက်ကွယ်သွားခဲ့ဖူးတယ်...။
မိုးမကျတဲ့ အဲ့ဒီညမှာပေါ့...
ငါဆိုတဲ့  ကမာကောင်လေးက..
ပုလဲတစ်ပွင့် ငါမွေးထုတ်ခဲ့ဖူးတယ်..။
လမသာတဲ့ ညတစ်ညမှာပေါ့..
၁၅၀၀ ကိုအပေးခံရလိုက်..
ပြန်ရုတ်သိမ်းခံရလိုက်နဲ့ ..
ငါ အန်ထုတ်ထားတဲ့ အချစ်တွေ
ပြန်အသွပ်သွင်းခံရဖူးတယ်...။
အေးချမ်းလှတဲ့ ဆောင်းတစ်ညမှာပေါ့..
မဖြစ်နိုင် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ..
တမြိုက်မြိုက်နဲ့ ငါလောင်ကျွမ်းခဲ့ဖူးတယ်..။
သူ့ အတွက် မနက်...
ငါ့အတွက် ည ဖြစ်ခဲ့တဲ့ အဲ့ဒီညမှာပေါ့..
ငါ ပျိုးခဲ့တဲ့ မျှော်လင့်ခြင်းသစ်ပင်..
အမြစ်က ဆွဲနုတ်.. အမှိုက်ပုံးထဲ
လွှင့်ပစ်ခံရဖူးတယ်...။
အေးချမ်းခြင်းနဲ့ ပူလောင်ခြင်း...
ချိုမြိန်ခြင်းနဲ့ ခါးသီးခြင်း...
အချစ်နဲ့ အမုန်း...
ဒွန်တွဲနေခဲ့တဲ့ ...
အဲ့ဒီ ဒီဇင်ဘာ ညတစ်ည...
ငါ့ဘ၀အတွက် အမှတ်တရ တစ်ခုအဖြစ်...
ငါ မှတ်တမ်းတင်ခဲ့မိတယ်...
အဲ့ဒီည ချမ်းလေးမှာပေါ့....။
Friday 21 December 2012
သူငယ်ချင်း ချစ်သူ
ခေါင်းစဉ်ကတော့ ..
သူငယ်ချင်းပေါ့..
ဒါပေမယ့်..
ငါတို့ ချစ်ခြင်းတွေ..
သူငယ်ချင်းထက်ပိုခဲ့ကြမှန်း..
ငါတို့ ချင်းပဲသိကြတယ်...။
ငါ... အထာပိုတယ်လို့ 
နင်..ဆိုလိုချင်တာလား..
တကယ်တော့.. ငါ့မှာ..
အနာသက်သာအောင်..
အထာညက်သယောင်ဆောင်ခဲ့ရတာ..
ထောင်လွှားတယ်လို့ တော့..
နင်မယူဆ ကောင်းပါရဲ့ ..။
ပွင့်လင်းမှုတွေ မျိုသိပ်ရင်းနဲ့ 
မြုံစိစိဖြစ်လာလို့ ..
ဖုံးဖိချင်တဲ့ ချစ်စကားတွေတောင်..
တုံးတိတိထွက်လာတတ်ပြီ..။
နှလုံးသားချင်းနားလည်ပေမယ့်
အနာဂါတ်ကိုလျှောက်လှမ်းဖို့ 
ငါတို့ ခြေလှမ်းတွေ..
ဦးနှောက်အသိက ဟန့် တားခံရတော့..
ငါတို့ ခံစားချက်တွေလဲမဆံ့မပြဲနဲ့ ပေါ့..။
နားလည်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
နားမလည်ခြင်းတွေက ခဏခဏ
အနိုင်ယူလို့ .. မပြေလည်ခြင်းတွေနဲ့ 
ငါတို့  ယဉ်ပါးလာခဲ့တာ...။
လော့ခ်မချခဲ့ဖူးတဲ့ တံခါးတစ်ချပ်..
နင်အထပ်ထပ်ခေါက်ခဲ့ရင်..
ငါ အဆက်မပြတ် မပိတ်ရက်ဘူးဆိုတာ..
နင် သတိမချပ်မိဘူးလားဟယ်..။
မာန.................
ငါ မကိုးကွယ်ပေမယ့်..
ငါ့တွယ်တာမှုတွေကို..
အကွယ်အကာအဖြစ်တော့..
ရွယ်ကာသုံးဖြစ်မယ်ထင်တယ်...။
Friday 14 December 2012
ကျွန်မရဲ့ အဓိပါယ်ဖွင့်ဆိုချက်များ...
သူငယ်ချင်းဆိုတာ....
အဖြူထည်သက်သက်..
မျှင်မျှင်လေးရှိတဲ့ သံယောဇဉ်..
ဝန်တိုခြင်းကင်း..
ပူလောင်ခြင်းအရှင်းနဲ့ ..
ဖြူစင်ခြင်းအလင်း...။
ခင်မင်မှုဆိုတာ...
စာရွက်ဖြူဖြူလို..
နှလုံးဖြူဖြူနဲ့ ..
မက်မောမှုအလျဉ်းမရှိ..
တပ်မက်မှုရှင်းအတိ...။
သံယောဇဉ်ဆိုတာ....
နွယ်ရှင်တစ်ပင်လို..
တွယ်ရာရစ်လို့ 
ဘယ်ခါမလွတ်တဲ့ ....
ကြိုးလေးတစ်ချောင်းသာ...။
အချစ်ဆိုတာ.....
တပ်မက်မှုလောဘ..
ပိုင်ဆိုင်လိုမှုအတ္တ..
ပေးဆပ်မှုအနဂ္ဂ..
တခါတခါ..
ပျားရည်ဖုံးလွှမ်းထားတဲ့ ဓါးသွားထက်ထက်လို..
ချိုမြိန်မှုနောက်..
နာကျင်မှုရောက်..။
ဘ၀ဆိုတာ....
ရိုလာကိုစတာလို..
နိမ့်လိုက်မြင့်လိုက် 
အကွေ့ အကောက်တွေကြား..
ရင်ဖိုလှိုက်မောရင်း..
ဒီနေ့ ဆိုတာ မရေရာသလို..
မနက်ဖြန်ဟာလဲ မသေမချာ....။
အမုန်းဆိုတာ....
အရှုံးရဲ့ ဂိတ်စ..
အပြုံးရဲ့ ဂိတ်ဆုံး...
ကျရှုံးမှုတွေ အတုံးအရုန်း..
နာကျင်မှုတွေ အထုံးထုံး..
အဆုံးမရှိတော့တဲ့ ..
အရှုံးတွေနဲ့ လမ်းဆုံး.....။
Thursday 6 December 2012
ငါ.... (၂)
ငါဆိုတာ....
စိတ်အစဉ်က တောင်တန်းတွေလို..
မြင့်လိုက် နိမ့်လိုက်နဲ့ ..
တခါတခါ မိုးထိရောက်ပြီး..
အရှိန်အဟုန်ပြင်းစွာ အ၀ီဇိတွင်းထိ
ထိုးဆိုက်တတ်သူ....။
ငါဆိုတာ....
ဆူးမဲ့ ပန်း ပေမယ့်..
ရန်သူလာရင်တော့..
အဆိပ်ငွေ့ ထုတ်လွှတ်တတ်သူပေါ့...
ငါဆိုတာ...
မာနတွေ ဆွတ်ဖျန်းပေမယ့်..
ပင်ကိုယ်သိမ်ငယ်ခြင်း ကိုယ်သင်းရနံ့ 
တထောင်းထောင်းထ နေသူပေါ့...
ငါဆိုတာ....
ကဗျာဆရာမဟုတ်ပေမယ့်
ကဗျာ တွေရေးသူ..
အဆိုတော် မဟုတ်ပေမယ့်
သီချင်းဆိုသူ...
အသည်းကွဲဆရာမကြီး မဟုတ်ပေမယ့်..
အသည်းခဏခဏကွဲဖူးသူပေါ့....
ငါဆိုတာ....
ချစ်သူ ခင်သူခပ်ရှားရှား ဘ၀မှာ
အထီးကျန်ခြင်း နဲ့ သာ
မိတ်ဆွေဖွဲ့ တတ်သူပေါ့....
ငါဆိုတာ....
ခံစားမှု ကိုအနှစ်ချုပ်..
စာအုပ်အဖြစ်ထုတ်ပြီး..
ဒဏ်ရာဟောင်းကို ချုပ်ချင်သူပေါ့...
ငါဆိုတာ...
 သားကောင်လား.. မုဆိုးလား..
ကိုယ့်ကိုယ်ကို မခွဲခြားနိုင်ခင်..
ပြန်အမဲလိုက်ခံရသူပေါ့...
ငါဆိုတာ...
ရင်ထဲမှာ ပန်းတစ်ကြိမ်ဖူးပွင့်တိုင်း..
အကြိမ်တရာမက ဆူးစူးခဲ့ဖူးသူ...
ငါဆိုတာ....
မင်းလွှင့်ပစ်ခဲ့တဲ့ မျှော်လင့်ခြင်းတွေကို..
ဟိုတစဒီတစ လိုက်ကောက်ရင်း
ရင်ဘတ်ထဲထည့်သိမ်း..
အသက်ဆက်ရသူပါ...
ငါဆိုတာ....
၂၁ ရာစုနဲ့ ခပ်လှမ်းလှမ်း..
၁၉ရာစု ရဲ့ လက်ကျန်..
ခပ်နွမ်းနွမ်း ခေတ်ဟောင်းသမီးပျိုပေါ့....
ငါဆိုတာ....
ရင်ဘတ်ကို သံမှိုရိုက်ခံရလိုက်...
အနုတ်ခံရလိုက်နဲ့  သွေးထွက်နေတဲ့ ရင်တစ်စုံနဲ့ ..
ခုံမင်စရာမကောင်းတဲ့ ဘ၀ကို
ထုံကျဉ်နေခဲ့သူပေါ့...
တကယ်ဆို....
ငါဆိုတာဟာလေ....
မင်းရဲ့ စကားတစ်ခွန်းနဲ့ တင်...
တနေ့ တည်းမှာ ကောင်းကင်ဘုံနဲ့ ငရဲ..
အသွားအပြန် လုပ်နေတတ်သူပါကွာ.....။
Friday 30 November 2012
ကိစ္စမရှိဘူး....
မှိတ်မှိတ်ကြီးပြုံးနေတဲ့ လ၀န်းကြီးရယ်...
ဖိတ်ဖိတ်လေး လင်းနေတဲ့ ကြယ်စင်တန်းရဲ့ အောက်မှာ..
တိတ်တိတ်လေး ငိုနေတဲ့ သူတယောက်ရှိနေမှန်း
ဘယ်သူမှမသိနိုင်ပါဘူး....။
ထားခဲ့ပြီးမှတော့ လှည့်မကြည့်ချင်ပါနဲ့ ...
သွန်ပြီးတဲ့ ရေ ပြန်မရနိုင်သလို
ငါ့ခေါင်းထဲက မောင်းထုတ်ထားတဲ့ မင်းနဲ့ 
ပြန်ပေါင်းထုတ်ဖို့ မှမဖြစ်နိုင်တော့တာ....
မိုးအကုန်ဆောင်းအကူးမှာ
ငါ့ကို ရူးအောင်လုပ်ခဲ့လို့ 
တစ်နှစ်တစ်ခါ ဒီလိုအကူးအပြောင်းကာလတိုင်း
ငါ မူးချင်ခဲ့တယ်...
နင့်လုပ်ရက်တွေ မေ့နိုင်ဖို့ အတွက်ပေါ့...။
တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်..
ထပ်ထပ်ပြီး ငါမရစ်ချင်ပေမယ့်..
ဖြစ်ခဲ့သမျှအကြောင်း...
အကောင်းဆိုတာ မရှိခဲ့လို့ ..
စောင်းငဲ့ ကြည့်မိတိုင်းလဲ..
ခေါင်းခဲမတတ်ပါပဲ...။
မဖိတ်ခေါ်ပဲနင်လာခဲ့သလို...
တိတ်တိတ်လေးထွက်သွားတဲ့ မင်းကြောင့် 
ခဏတာ ငါထိတ်လန့် ခဲ့ဖူးပေမယ့်
ကိစ္စတော့မရှိပါဘူး...
စိတ္တဇညတွေပြီးရင်...
အတိတ်တွေထားခဲ့လို့ 
ပစ္စုပန်ကို အပြုံးတွေနဲ့ အတူ 
ငါလျှောက်လှမ်းနိုင်မှာပါ....။
Friday 16 November 2012
စံ အလွဲအမှား...
အမှားကိုအမှန်လုပ်..
အမည်းကိုအဖြူသုတ်..
အရှုပ်ကိုအဟုတ်လို့ မှတ်..
အမှတ်မရှိပဲ အဆက်အဆံလုပ်မိခဲ့တာအတွက်..
အခုတော့ ငါ အပျက်ပျက်နဲ့ 
နှာခေါင်းသွေးထွက်ရပြီ...။
ငါ.. အဆိပ်ပင်ရေလောင်းနေမိတာလား..
ကျွဲအပါးဆောင်းသွားတီးမိနေသလား...
ဆာလောင်နေတဲ့ ကျားအနား..
သွားကစားမိတာလား..
အစားခံရမှ တအားနာပြမိနေတယ်..။
အမှားတရန်ကို အမှန်တရားလုပ်
အရှုပ်ထုတ်ကိုပါကင်ထုတ်..
ထုံးသုတ်ထားတဲ့ အုတ်ဂူအောက်က
အပုပ်ကောင်ကို ငါ့အတွက်
စံပြသရုပ်ဆောင်အဖြစ်ငါ သတ်မှတ်နေမိသလား...။
ငါကမြွေအလပယ်ဆရာဖြစ်ချင်ခဲ့တာပါ..
ဒါပေမယ့် သူ့ အထာကိုမညက်သေးတော့
ချော့ချင်ခဲ့ပေမယ့် ဆော့တယ်အမှတ်နဲ့ 
ငါ့ကိုပေါက်... အခုဆို
ငါအဆိပ်သင့်နေခဲ့ရပြီ...။
သုံးထားတဲ့ ခွင့်လွှတ်ခြင်း
ဆုံးသွားတဲ့ မေတ္တာတွေအတွက်..
အခုဆို...
ငါ့စိတ်တွေလဲကုန်လှပါပြီ..
သုည သာသာကျန်တော့တဲ့ ငါ့ဘ၀မှာ
သူ့ အပြစ်တွေကို ဖုံးလွှမ်းပေးမယ့်
စေတနာတွေလဲ ဆိတ်သုဉ်းခဲ့ရပြီ....။
Thursday 8 November 2012
သက်ဆိုင်သူသို့ ...
ကျိန်တယ်ဆိုတာ...
အလိမ်အညာတမျိုးမှန်း
ကြိမ်ဖန်များစွာ
အလိမ်ခံရပြီးမှ..
ငါ.. သဘောပေါက်တော့တယ်..။
သစ္စာတရားဆိုတာ...
မေတ္တာတရားကိုအလွဲသုံးစားလုပ်သူအတွက်..
ရစ်ပတ်ချည်နှောင်တဲ့ ကြိုးလေးတချောင်းသာ...
ယုံပေးဖို့ လဲငါ့စိတ်တွေကုန်ပြီ..
ခံစားချက်တွေလဲထုံကျဉ်လို့ ..
မှုန်တုန်တုန်နဲ့ ကြုံလာသမျှကိုလဲ
ရေစုန်မျောလိုက်ချင်ပြီ....
အားလုံးကို တစ် ကပြန်စလို့ ရရင်..
ခံစားချက်အသစ်တစ်ခုနဲ့ ..
နှစ်နှစ်ကာကာချစ်ခဲ့ဖူးတဲ့ နင့်ကို
အပြစ်တစ်ခုလို့ သတ်မှတ်ကာ..
ဒီဇာတ်ဝင်ခန်းတစ်ခု..
ငါ ဆင်ဆာဖြတ်ပစ်လိုက်မှာပါ....။
နင်ထိန်ချန်ထားတာတွေအတွက်..
ကျိန်စာမသင့်ရအောင်..
နှလုံးသားအတိမ်အနက်ကိုချင့်ချိန်..
ဒီလောက်နဲ့ ပဲတင်းတိမ်ရင်း..
ပြင်းပြင်းထန်ထန်ဒဏ်ရာမရခင်..
ခင်းထားတဲ့ ဇာတ် ရပ်နားကြစို့ လား....။
Thursday 25 October 2012
နှမြောတယ်...
မာနလေးပွန်းပဲ့ သွားလို့ 
ငါ မွန်းကျပ်နေခဲ့တာလား....
အထွန့် တက်လာတဲ့ နင့်စကားသံကြောင့်
ဒေါသ သံတွေစွန်းထင်းလာခဲ့တာလား...
သေချာတာတော့
ဒါ တွန်းအားတစ်ခုကြောင့်ပဲဆိုတာ...။
အားလုံးကိုအရှုံးပေးခဲ့တာ
အမုန်းတွေနဲ့ ငါမရှင်သန်ချင်လို့ ပါ...
ဒီထပ် ပိုပြီး အတုန်းအရုန်းဖြစ်ဖို့ 
အပြုံးတု တွေနဲ့ အဆုံးထိ
မတွန်းပို့ ချင်ပါနဲ့ ....။
တောင်းပန်တယ် ဆိုတိုင်းသာ
ငါ့ရင်တစ်ခြမ်းအကောင်းတိုင်ြး
ပန်ရမယ်ဆိုရင်လေ...
နင်ရောင်းစားပစ်ခဲ့တဲ့  ငါ့မာန တွေအတွက်
နင့်အပြစ်တွေကို အတိတ်ဟောင်းမှာ
ဆိတ်ငြိမ် စွာ ခေါင်းချစေခဲ့မိမှာပဲ...။
နင်ထားတတ်တဲ့  အာဃာတတွေ
ငါရော မထားတတ်ဘူးထင်လား...
အမုန်းဆိုတာရော ငါမသုံးတတ်ဘူးထင်လို့ လား...
နင့်လုပ်ရက်တွေအားလုံးအတွက်
ခွင့်လွှတ်ခြင်းဆိုတာ ငါ့အတွက်
လွယ်ကူတယ်လို့ များ ထင်နေလား....။
အရှင်လတ်လတ်ရှိသေးတဲ့ 
ငါ့အသည်းနှလုံး ထုတ်ယူစားသုံး
စုန်းစုန်းမြုပ်တော့မယ့် ငါ့ဘ၀ထဲက
မာနတွေကို ဖဲ့ခြွေလို့ ပဲ့ကြွေကျမှ
နင် အာသာပြေမယ်တဲ့ လား....။
ငါအားကျခဲ့တဲ့ နင့်အပြုအမူတွေအတွက်
ငါ့ကိုယ်ငါ ဟားတိုက်ချင်တယ်...
ငါ လျှော်ပစ်ခဲ့တဲ့ နင့်အညစ်အထေးတွေအတွက်
ငါ့ကိုယ်ငါ သရော်ပစ်ချင်တယ်...
ငါလေးစားခဲ့တဲ့ နင့်စိတ်ဓါတ်တွေအတွက်
ငါ့ကိုယ်ငါ ဘေးမဲ့ ပေးချင်တယ်...။
 ငါရက်ရောစွာပေးကမ်းခဲ့တဲ့
ခွင့်လွှတ်ခြင်းအတွက်..
ငါ့စိတ်ငါနှမြေမိတယ်.. ။
Friday 19 October 2012
မဖိတ်ပဲလာတဲ့ဧည့်သည်...
ရင်ထဲရှင်းဖို့ ..
နောင်တတွေရှင်းထုတ်..
အမှားတွေခင်းကျင်းပြသခဲ့တာ...
ပွဲခင်းထဲက ဖျာလို..
နင်းခြေပစ်ခံဖို့ မှ မဟုတ်တာ.....
အရစ်ရစ်နဲ့ အထပ်ထပ်ကျခဲ့တဲ့ ..
ခံစားမှုအနည်တွေ
ခဲတစ်လုံးနဲ့ ပယ်ပယ်နှယ်နှယ်ပစ်ပေါက်မှတော့...
တည်ငြိမ်နေတဲ့ စိတ်အခြေအနည်ထ....
လှိုင်းဂယက်တွေ ဖြာထွက်ခဲ့တာ...
အဆန်းမှ မဟုတ်တာ.....
လေပြေညှင်းတွေရင်ထဲတိုးဝှေ့ ..
ဟိုး တစ်ကွေ့ က သံယောဇဉ်..
ဝိုးတ၀ါး ကိုဖမ်းဆုတ်ဖို့ ...
ငါ့ခြေလှမ်းတွေ လှမ်းဖို့ အားထုတ်ခါမှ...
အမာရွတ်ကို ခြေရာခံ...
အနာဟောင်းကိုမြေလှန်ရှာ..
မုန်တိုင်းတွေ တရစပ်တိုက်ခတ်မှတော့...
နာဂစ်အပေါ် ငါနာကစ်သွားခဲ့တာ...
ငါ့အမှားပဲလား......
စကားလုံးတွေကြမ်းကျွံ..
ငါ့နှလုံးသားထဲစူးဝင်နှစ်မြှုပ်ပြီးတော့မှ...
မေ့ဆေးမပါ အစိမ်းသက်သက်ဓါးနဲ့ ခွဲထုတ်..
နှလုံးသား တစ်ပိုင်းတစ်စ ဆွဲနုတ်မှတော့...
ငါ သည်းသည်းလှုပ်နာပြခဲ့တာ...
မဖိတ်ခေါ်ပဲနင်လာခဲ့သလို...
မနှင်ခင် ပြန်ထွက်သွားပါ..
ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်..
ထင်ရာစိုင်းရအောင်...
ငါ့နှလုံးသားက...
လူတွေကျိတ်ကျိတ်တိုးတဲ့ ..
ရပ်ကွက်ထဲက အလှူအိမ်မဟုတ်ဘူး....။
Thursday 11 October 2012
သူ.....
သူဆိုတာ....
အကြည့်တစ်ချက် 
ရင်ကိုလှုပ်ခတ်စေတဲ့ 
ညှို့ ချက်ပြင်းပြင်းနဲ့ လူတစ်ယောက်ပေါ့....။
သူဆိုတာ...
ဘ၀ကိုခပ်ခါးခါးလို့ မြင်ရင်း
အသစ်မရှားတဲ့ ဘ၀မှာ
အချစ်တွေအများအပြား
ရှိနေသူ....။
သူဆိုတာ...
တခါတခါ စာနာတတ်သလောက်...
တခါတခါ မညှာတာတတ်သူ....။
သူဆိုတာ....
အဟောင်းကိုပစ်
အကောင်းကိုချစ်သူ...
အတိမ်းအစောင်းရှိလျှင်
အမြဲပုန်းရှောင်သူ....။
သူဆိုတာ....
ချစ်ခဲတယ်..ချစ်မြဲတယ်လို့ 
လူကြားကောင်းအောင်
တကြော်ကြော်အော်ရင်း
စော်တကာနဲ့ ပျော်နေတတ်သူ.....။
သူဆိုတာ....
ရောက်ရာအရပ်မှာ
အထာကျကျနေတတ်ပေမယ့်
မာနကိုတော့ ဘယ်သောခါမှ
ခ၀ါမချချင်သူ....။
သူဆိုတာ.....
အနိုင်ယူခြင်းဘာသာရပ်မှာ
ဂုဏ်ထူးအမြဲထွက်တတ်ပေမယ့်...
အလျှော့ပေးခြင်းဘာသာရပ်မှာတော့..
အမြဲ ဘဲဥ မကွဲခဲ့ဖူးသူ.....။
သူဆိုတာ...
ညှို့ ချက်ပြင်းတဲ့ မြွေဟောက်တစ်ကောင်ပေါ့..
သားကောင်အလာကို
တစိုက်မတ်မတ်စောင့်ကြည့်နေသူ....။
သူဆိုတာ....
မာယာတွေနဲ့ ယဉ်ပါး..
အထာညက်အောင်သင်ထားသူ..
ညာတတ်အောင်လဲသင်ကြားလို့ ..
ပြုစားတတ်တဲ့ အတတ်တွေနဲ့ 
သူတပါးအသက်ကိုလဲသတ်တတ်သေးသူ.....။
Friday 5 October 2012
ဇဝေဇ၀ါနဲ့  ကျန်ရစ်သူပါ..မောင်...
မေဦး... နင် ဟိုကိစ္စကြားပြီးပြီလား...
ဘာကိုလဲဟင်..  မျက်လုံးလေးကလယ်ကလယ်နဲ့ ကျွန်မသူ့ ကိုပြန်ကြည့်နေမိတယ်...။
သူက "မသိသေးဘူးထင်တယ်.. မပြောတော့ပါဘူး "...
" အဲ့ လိုမလုပ်နဲ့ လေ.. မေဦးကိုပြောပြပါ .. " ကျွန်မ သိချင်စိတ်တွေ အရမ်းပြင်းပျလာခဲ့ပါတယ်။
သူက မပြောဘူး ဆိုတော့ ပိုပြီးသိချင်လာမိတယ်။
                 အောင် လေ... မနေ့ ကပဲ မိန်းမခိုးလာခဲ့ပြီ တဲ့ ...
လုံးဝကို မထင်မှတ်ထားတဲ့ ကိစ္စတွေပါ။ အောင် ဆိုတာ ကျွန်မရဲ့ ချစ်လှစွာသောချစ်သူ.. သူငယ်ချင်း
ဆိုလဲ မမှားဘူးပေါ့..ငယ်ငယ်တည်းက သေးငယ်တဲ့ မြို့ လေးမှာ နေရင်း တူတူကြီးပြင်းလာတဲ့ သယ်ရင်း
အရင်းခေါက်ခေါက်ကြီးတွေလေ။သယ်ရင်း ဘ၀ကနေချစ်သူဖြစ်လာခဲ့တာဆိုတော့ တခြားချစ်သူတွေထက်
အချစ်ရော.. သံယောဇဉ်ပါ ပိုလာခဲ့ရသူပါ။
              ကျွန်မ နားကို ကျွန်မ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်.။အောင် က ဒီလိုလုပ်တတ်တဲ့ လူစားမျိုး
မဟုတ်ပါဘူး။သူ့ အကြောင်း ကျွန်မ ကောင်းကောင်းသိတာပေါ့။ ကျွန်မ ကိုသူသိပ်ချစ်ခဲ့တယ်။ကျွန်မလဲ
သူ့ ကိုသိပ်ချစ်ခဲ့ပါတယ်။ ကျွန်မ စကားဆို သူ သိပ်နားထောင်တတ်တာ..။ကျွန်မ တစ်ခု ပူဆာလိုက်ရင်
သူ မရရအောင် လုပ်ပေးတတ်တဲ့ သူပါ။
              သူနဲ့ ကျွန်မ ချစ်သူဖြစ်တာ အိမ် ကမိဘတွေသိတော့ သူ့ မိဘတွေက သဘောတူပေမယ့်
ကျွန်မ မိဘတွေကတော့ လုံးဝ သဘောမတူခဲ့ပါဘူး.။ ဘာလို့ လဲဆိုတော့.. သူ့ မိဘတွေက ဒီမြို့ မှာ
နေတဲ့ သူတွေထကိပ်ုကဆံ နဲနဲပိုရှိတော့ နဲနဲမောက်မာချင်တယ်လေ။ဒါ့ကြောင့် ကျွန်မ ကိုငဲ့ပြီး သဘော
မတူခဲ့တာ...။
                  ဒါပေမယ့် သူ့ မိဘတွေကတော့ ကျွန်မ ကိုအရမ်းသဘောကျကြတယ်။မယူရသေးပေမယ့်
ချွေးမ တယောက်လို ဆက်ဆံကြတယ်။မင်္ဂလာဆောင်ဖို့ ကိုလဲ စိတ်ကူးတွေယဉ်ကြတယ်လေ။သူ့ မိဘ
တွေက သူများအပေါ်မကောင်းချင် မကောင်းပဲနေမယ်.. ကျွန်မ အပေါ်ကိုတော့ အရမ်းကောင်းကြတာပါ။
                     မြို့ လေးက ကျဉ်းကျဉ်းလေးမို့ ကျွန်မတို့ တစ်ခါ ချိန်းတွေ့ ဖို့ ကို ကျွန်မ မိဘတွေမတွေ့ ဖို့ 
ပုန်းလျှိုးကွယ်လျိုးနဲ့ တွေ့ ခဲ့ရတယ်။ဟိုလမ်းသွား ဦးလေးနဲ့ တွေ့ ..ဒီလမ်းသွား မောင်လေးကျူရှင်အပြန်နဲ့ 
တိုးနဲ့ .. ပတ်ပြီးရှောင်နေရတဲ့ အထိပါပဲ။အဲ့လိုမျိုး.. ကျွန်မရဲ့ မိဘတွေသဘောမတူတဲ့ ကြားက ချစ်ခဲ့ကြတာပါ။
ကျွန်မ မိဘတွေသဘောမတူတာကိုလဲ သူသိတယ်။ဒီလိုနဲ့  သူ... ဘာမပြောဘာမပြောနဲ့ .. တစ်လတိတိ
ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ဒီနေ့ မှာ ဒီလိုစကားတွေကြားရလိမ့်မယ်လို့ ကျွန်မလုံးဝကိုမထင်ခဲ့တာပါ။သူနဲ့ ကျွန်မ
မတွေ့ ဖြစ်ဘူးဆိုပေမယ့် ပြတ်သွားတာလဲမဟုတ်ခဲ့ဘူးလေ။ " သူ ...မိန်းမခိုးလာခဲ့ပြီတဲ့ လား" .. ကျွန်မဘယ်လို ယုံပေးရမလဲ.... ဒီမြို့ လေးဆိုတာ.. ဒီလူဒီလူတွေပဲရှိတာ.. ကျွန်မနဲ့ သူ့ အကြောင်း လူတိုင်းလိုလိုသိကြတာ...
အခုတော့.. သူက ကျွန်မ မဟုတ်တဲ့ တစ်ယောက်နဲ့ တဲ့ ... ကျွန်မ ဘယ်လိုမျက်နှာနဲ့ များဆက်နေသွားရမလဲ...
ဒါတွေဟာ ယုံတမ်းစကားတွေပဲ ဖြစ်လိုက်စေချင်တယ်။
ရင်ထဲမှာ နာနာကျင်ကျင်ခံစားလိုက်ရတယ်။လုပ်ရက်လိုက်တာ...။မျက်ရည်တွေပါးပြင်ထက်
စီးကျမလာအောင် ကျွန်မ မနဲထိန်းထားရတယ်။ချစ်ခဲ့မိလို့  နာကျင်ခံစားရတယ်ဆိုတာထက် မခံချင်စိတ်
တွေက ကျွန်မ ရင်ကိုပိုပြီး ဗြောင်းဆန် စေတယ်။
               သူဘာလို့ ဒီလိုလုပ်သွားရက်တာလဲ...ကျွန်မ မိဘတွေက သဘောမတူတာကို မခံချင်လို့ များ
လား....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကိုဖြတ်ပြီးမှ ဆို ကျွန်မ ဖြေသာပါသေးတယ်။ပြီးတော့ ..သူတို့ ကြိုက်တာ
တစ်လပဲရှိသေးတယ်ဆိုတော့ ကျွန်မနဲ့ ဝေးနေတဲ့ ကာလမှာပဲစတွေ့ ပြီး ယူခဲ့ကြတာပေါ့....။
               ချစ်သူ.... နင်နဲ့ ငါ ချစ်ခဲ့ကြတဲ့ နှစ်ရှည်လများက တစ်လဆိုတဲ့အချိန်အတိုင်းအတာ အတွင်းမှာ
လွယ်လွယ်ပဲပြောင်းလဲသွားနိုင်လား....ဆယ်နှစ်ကျော်ဆိုတဲ့ အချိန်တစ်ခု က တစ်လဆိုတဲ့ တိုတောင်းတဲ့ 
အချိန်ကိုမယှဉ်နိုင်ဘူးတဲ့ လား...ငါ့ကိုသိပ်ချစ်ခဲ့တယ်လို့ ငါထင်ခဲ့တဲ့ နင်က နေ့ ချင်းညချင်း ပြောင်းလဲသွား
တာ ငါအခုထိ မယုံကြည်နိုင်သေးဘူး။ဒါအိပ်မက်ဆိုရင် ငါမြန်မြန် နိုးထ ပါရစေ....
                ဒါပေမယ့် ဒါအိပ်မက်မဟုတ်ခဲ့ဘူး..။တကယ့်အဖြစ်အပျက်တစ်ခုပါ။အဲ့ဒီအမှန်တရားကိုရင်ဆိုင်
ဖို့  ကျွန်မ တစ်နေ့ မှာ စိန်ခေါ်ခံလိုက်ရတယ်။ သူတို့ ရဲ့ မင်္ဂလာဖိတ်စာ... သယ်ရင်းများက တဆင့် ကျွန်မ
လက်ထဲ ရောက်လာခဲ့တယ်။ဒီဖိတ်စာ ကိုဘယ်လိုစိတ်ကူးနဲ့ များ ကျွန်မ လက်ထဲ အရောက်ပို့ နိုင်ရတာလဲ...
"ငါမသွားချင်ဘူးဟာ... တော်ကြာ .. ငါစိတ်မထိန်းနိုင်ပဲ မျက်ရည်ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ..."
သယ်ရင်းတွေကိုပြောပြတော့ သူတို့ လဲ အကြောင်းသိတွေမို့ ကျွန်မကို မသွားတာပဲကောင်းပါတယ်လို့ ပြော
လာတော့.. ဒီလိုနဲ့ ကျွန်မရဲ့ ချစ်လှစွာသော သယ်ရင်းချစ်သူ ရဲ့ မင်္ဂလာပွဲကို မသွားဖြစ်ခဲ့ပါဘူး....။
              ဒါဇာတ်လမ်းတစ်ပုဒ်ဆိုရင် "ပြီးပါပြီ " ဆိုတဲ့ စာတန်းနဲ့ အတူ ကန့် လန့် ကာချ ရတော့မှာပါ...။
ဒါပေမယ့် ဒါဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ခဲ့တာ...။ဒါ တကယ့်အဖြစ်အပျက်လေ... ကျွန်မရင်ကို စုတ်ပြတ်သွားအောင် လုပ်နိုင်ခဲ့တဲ့ တကယ့် အဖြစ်အပျက်တစ်ခုပါ....။ဖြစ်ချင်တော့.. သူတို့ ပြောင်းလာတဲ့အိမ်နဲ့ ကျွန်မတို့ အိမ်ကမျက်စောင်းထိုးလေးတင်...။
သူတို့ ကုန်စုံဆိုင်ဖွင့်ထားတယ်လေ။ကျွန်မ မတွေ့ ချင်ပေမယ့် နေ့ တိုင်းဒီမျက်နှာတွေကို တွေ့ နေရပါတယ်။ကံကြမ္မာ
က ကျွန်မကို တကယ်ကျီစားလွန်းပါတယ်။သူတို့ မျက်နှာ တွေ့ ခွင့်ပေးတာနဲ့ တင်မကျေနပ်သေးဘူး..။သူတို့ 
ရဲ့ ပျော်ရွှင်စွာ ပြုံးရွှင်ကျီစယ်နေတဲ့ အပြုအမူတွေထိပါ တွေ့ ခွင့်ရခဲ့တယ်.။ဆိုင်ရှေ့ မှာ ပြေးတမ်းလိုက်တမ်းဆော့
ရင်းမြူးတူးနေတဲ့ ပုံကို မြင်ရတဲ့ ကျွန်မ မှာတော့ ခါးသီးတဲ့ ဝေဒနာကြီးတွေနဲ့ ပဲ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်...။
                ဒီအဖြစ်အပျက်ကိုကြည့်ရင်း ၀န်တိုစိတ်တွေ တားမနိုင် ဆီးမရ တဖွါးဖွါးနဲ့ ဖြစ်ပေါ်လာနေဆဲပါပဲ...။
ဒီလိုနာကျင်မှုတွေပဲ ရတော့မယ့် နေရာမှာ ကျွန်မ ဆက်မနေချင်တော့တာ ကျွန်မ မမှားပါဘူးနော်...။ဒီလိုန
ဒီလိုနဲ့ ဒီမြို့ လေးကိုစွန့် ပြီး အလုပ်လုပ်ဖို့ ရန်ကုန်ကို တက်လာခဲ့ပါတယ်။တစ်နှစ်တစ်ခေါက် ဒီနေရာကို ပြန်ရောက်ဖြစ်ပေမယ့် သူရှိနိုင်မယ့် နေရာတွေကို ကျွန်မ ရှောင်နေခဲ့ပါတယ်။
               တစ်နေ့ မှာ ကျွန်မဦးလေးရဲ့ ဆိုင်ကယ်နောက်ခုံက လိုက်စီးရင်း သူရှိတတ်တဲ့ နေရာ အရောက်..သူ့ ကိုရှောင်ဖို့ မျက်နှာကို တစ်ဖက်လှည့်လိုက်တဲ့ အချိန် ကျွန်မလှည့်လိုက်တဲ့ ဖက်က အုတ်ခုံပေါ်ထိုင်နေတဲ့ သူ
နဲ့ မျက်လုံးချင်း ဆုံဖြစ်အောင် သွားဆုံမိသေးတယ်။ သူက ကျွန်မ ပြန်ရောက်နေတာ မသိဘူးထင်ပါတယ်။
အံ့သြတဲ့ ပုံနဲ့ ပါးစပ်ကြီး အဟောင်းသားနဲ့ ကျွန်မကို ငေးကြည့်နေခဲ့တယ်..။
              ကျွန်မ လေ... ချက်ချင်းသူ့ ဆီကနေ အကြည့်ကိုလွှဲလိုက်ပါတယ်။ဒီတစ်သက် ဒီမျက်နှာကို ထပ်မတွေ့ ပါရစေနဲ့ တော့။သစ်စိမ်းချိုးချိုးရက်တဲ့ ချစ်သူရယ်.... သူလဲ တောင်းပန်ပါတယ်လို့ မပြောခဲ့သလို.. ကျွန်မလဲ
သူ့ အပြစ်တွေကို ခွင့်လွှတ်လား.. မလွှတ်ဘူးလား.. ကိုယ့်ကိုယ်ကို မဝေခွဲတတ်တော့ပါဘူး...။သူပေးခဲ့တဲ့ အချစ်
ဆိုတာ ကျွန်မ အတွက်တော့ ခါးသက်လွန်းပါတယ်။ရက်စက်ပါပေ့ ချစ်သူရယ်... ဆိုတဲ့ စကားကလွဲပြီး ကျွန်မဘာမှမပြောချင်တော့ပါဘူး....။
(ဒါတကယ့်အဖြစ်အပျက်တစ်ခုပါ။ကျွန်မသယ်ရင်းတယောက်ရဲ့ ကိုယ်တွေ့ လေးပေါ့..။သူပြောပြတဲ့ အချိန်
ကျွန်မ နားထောင်နေရင်းနဲ့ မျက်ရည်လည်မိတယ်။သူကတော့ ဘာမှမဖြစ်သလိုပြောနေပေမယ့် တစ်ချိန်
တုန်းက သူလဲအလူးအလဲခံစားရမယ်လို့ ကျွန်မ ထင်တယ်။အဖြစ်အပျက်က သူပြောသလိုရေးခဲ့တာ...
ခံစားချက်တွေ.. မေဦးရဲ့ ရင်ထဲက သူ့ ကိုယ်သူပြန်ပြောနေတဲ့ .. သူ့ ချစ်သူကိုပြောနေတဲ့ စာသားတွေက
တော့ကျွန်မဖြည့်စွက်ထားတာပါ..။သူက ဘယ်လိုခံစားရတယ်ဆိုတာတော့ မပြောပြချင်တော့လို့ ..။
တကယ့်အဖြစ်အပျက်က ၀မ်းနည်းစရာကောင်းလှပေမယ့် အရေးအသားမကျွမ်းသေးတဲ့ ကျွန်မလက်ထဲ
ရောက်သွားတဲ့အချိန်မှာတော့ ပေါ့ပျက်ပျက်ကြီးဖြစ်နေပါလိမ့်မယ်။အားလုံးပဲ ဖြည့်စွက်ပြီး ခံစားဖတ်ရှုပေး
ကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်.....း)
Friday 28 September 2012
သတိပေးစာ....
ဆရာကြီးလား...
အထာကြီးနဲ့ လာကျောရအောင်...
ဒီကလဲ သမ္ဘာကြီးတော့လဲ မဟုတ်ဘူးပေါ့...
ဒါပေမယ့် အထာကိုင်ပြီး လာကျောတိုင်းခံမယ့်
ပျော့ဖတ်ဖတ်လူတော့ မဟုတ်ခဲ့ဘူးနော်...။
ဘယ်လို......
ငါက ခိုးတယ်တဲ့ လား....
ဒါဆို နင်လုယူခဲ့တဲ့ ငါ့ရင်တစ်ခြမ်း
ဗျမ်းဗျမ်းကွဲခဲ့တဲ့ ငါ့အရှက်မှတ်တမ်း..
ဘာနဲ့ အစားထိုးထိုး အကောင်းတိုင်း
ပြန်မရတော့မယ့် ငါ့ဘ၀မှတ်တမ်း...
အရာအားလုံးအတွက်
ဘာလျှောက်လဲချက်ထွက်ချင်သေးလဲ..
ငါ မိုက်ခဲ့လို့ ထိုက်သင့်တဲ့ အပြစ်
ငါခံတယ်ပဲထား...
ငါ့အပေါ်ထားတဲ့ အချစ်တွေကုန်ပြီပဲထား...
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တတ်တာ...
စီကာစဉ်ကာ မပြောလဲ
နင်နားလည်မှာပါ.....
သူခိုးပြေးမှ ထိုးကွင်းထ မနေချင်တော့လို့ ..
အားလုံးကိုမြိုသိပ်ခဲ့တာ...
နာကြည်းချက်တွေကို မြေမြှုပ်
ခွင့်လွှတ်ခြင်းတွေနဲ့ ထုံးသုတ်ခဲ့တာ...
ထပ်ပြီး ဂုတ်သွေးစုပ်ချင်နေတာလား....
စကားမတတ်ဘူးဆိုပြီး
အထက်စီးက ဆက်ဆံချင်တယ်ပေါ့...
ထပ်ပြီး အမုန်းမပွါးချင်တော့လို့ 
ဆက်ပြီး မသိချင်ယောင်ဆောင်ခဲ့တာ..
ဒီ့ထက်ပိုပြီး မကဲချင်ပါနဲ့ ..
ဆက်ကဲခဲ့ရင် ကပ်စီးနဲတတ်တဲ့ ငါ...
ခွင့်လွှတ်ခြင်းမိုးတွေ စဲပြီး..
နာကြည်းချက် မိုးတွေသဲလာလိမ့်မယ်....။
 (သတိထားမိကြလားတော့မသိဘူး... အခုတလောကျွန်မကဗျာတွေမှာပေါက်ကွဲသံတွေ
ပါနေတယ်ဆိုတာ... ဟုတ်ပါတယ်.. အရမ်းကိုရိုးအပြီး အေးလွန်းတယ်လို့ သူတွေသိကြတဲ့
ကျွန်မ လဲ အပြင်မှာပေါက်ကွဲခွင့်မရလို့ .. ကျွန်မပိုင်တဲ့ နေရာလေးမှာဖဲ ပေါက်ကွဲပစ်မိပါတယ်။
လူတိုင်းစိတ်ချမ်းသာစရာကောင်းတဲ့  စာလေးတွေဖဲဖတ်ချင်ကြမှာပါ.. ဒါပေမယ့် ကျွန်မရဲ့ 
ကဗျာကို အချိန်ပေးပြီးလာရောက်ဖတ်ရှုပေးတဲ့သယ်ရင်းများအားလုံးကိုကျေးဇူးတင်ပါတယ်လို့ 
လဲပြောချင်ပါတယ်။ကျွန်မရဲ့ ပေါက်ကွဲတဲ့မီးစလေးတွေ စာဖတ်သူများအပေါ်လွင့်စင်မသွားပါစေ
နဲ့လို့ လဲ ဆုတောင်းမိပါတယ်.. အားလုံးကိုပျော်ရွှင်စေချင်ပါတယ်ရှင်.... :)
Friday 21 September 2012
ဇာတ်သိမ်းခန်း...
သိုးဖြူတစ်ကောင်အမှတ်နဲ့ 
ရင်ခွင်တံခါးဖွင့်ပေးခဲ့တာ...
ရက်စက်တတ်တဲ့ သားရဲတစ်ကောင်မှန်း
နောက်ကျမှ ငါသိခဲ့ရတယ်...
ဟန်ဆောင်ကောင်းမှ 
သူတော်ကောင်းလို့ ထင်နေကြတဲ့ လူတွေကြား
ဟန်ဆောင်ကောင်းတဲ့နင်..
သူတော်ကောင်းသယောင်နဲ့ ..
မာန်ထောင်လို့ ကောင်းနေတုန်းပေါ့...
လုမယူဖူးတဲ့ ...
ဟုတ်မှာပါ.. ငါ့နှလုံးသားကို
ဖဲ့ယူခဲ့ပြီးတာတောင်
ခိုးမယူဘူးလို့ အသံကောင်းဟစ်လို့ 
ကောင်းနေတုန်းလား....
ငြိမ်းချမ်းရေးကိုလိုလားလို့ 
ဆို့ နင့်မှုတွေကြား..
ခွင့်လွှတ်မှုတွေထားနိုင်အောင်..
ငါ့ နာကျင်မှုတွေကိုတားခဲ့တာ..
ခါးမှန်းသိပေမယ့်..
မျက်လုံးစုံမှိတ် အမုန်းတွေကို
ငါ ၀ါးမြိုခဲ့ရတာပါ....
ငါဆော့ခဲ့တာမဟုတ်ပါဘူး..
ချော့သိပ်ဖို့ ကြိုးစားခဲ့တာပါ..
လိမ်မာအောင်ဘယ်လောက်လုပ်လုပ်
ငါ့ကို ပြန်ရန်လုပ်တဲ့ နင်ဟာ
အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ဆိုတာ
ငါ မေ့လျော့နေခဲ့မိတာပါ....
ငါ့ကိုပြုံးပြလို့  အမုန်းတွေအဆုံးသတ်ပြီပေါ့...
ငါ့ စိတ်ရင်းကိုလဲ သုံးသပ်မိပြီပေါ့..
ငါ ထင်ခဲ့သမျှ..
အစွယ်ကိုမြင်မှ ကွယ်ရာကနေ
ဓါးနဲ့ ရွယ်နေမှန်း ငါသဘောပေါက်တော့တယ်...
ငါ့စိတ်ရင်းကို အဆုံးသတ်သင့်ပြီ...
နင့်ကိုလဲ ပြန်သုံးသပ်သင့်ပြီ..
ခွင့်လွှတ်ခြင်းကိုလဲ ရုတ်သိမ်းသင့်
မသိမ်းသင့် ငါဆုံးဖြတ်သင့်ပြီ...
နင့်အပေါ်ထားတဲ့ ငါ့ လေးစားစိတ်
ငါ နိဂုံးချုပ်သင့်ပြီ...
တော်ပြီပေါ့...
နင်ပေးတဲ့ သင်ခန်းစာတွေ
လုံလောက်နေခဲ့ပြီမို့ ...
ဒီဘ၀ ဒီမျှနဲ့ ပဲ..
ငါတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်း
ဇာတ်သိမ်းသင့်ပါပြီ.....။
Friday 14 September 2012
မရည်ရွယ်ခဲ့ပါ...
အသားနာမှ
အားနာတယ်ဆိုတဲ့ စကား
ငါ့အပေါ်ထားရကောင်းမှန်း
နင် နားလည်ပြီမလား....
ကိုယ်ချင်းစာတယ်တဲ့ လား...
လိုချင်တာ အကုန်ယူ
ငါ့အတွက် အပိုတစ်ခုတောင်မချန်
အကုန်လုယူခဲ့ပြီးမှ
ဆွတ်ခဲ့တာမဟုတ်ပါဘူး
သူ့ ဟာသူ ညွတ်လာတာပါတဲ့ .....
ထားလိုက်ပါလေ....
ငါ့အမှားကြောင့် ငါအထားခံရတယ်လို့ 
ငါ့ကိုယ်ငါ နှစ်သိမ့်ခဲ့တယ်...
သွေးထဲထိ စိမ့်ဝင်နေတဲ့ 
နာကြည်းချက်တွေလဲ ထကြွမလာအောင်
ငါ ချော့သိပ်ခဲ့တယ်...။
ငါက အတုယူတယ်ဆိုပြီး
တီကောင်ဆားပက်သလို
နင်တွန့် တိုနေခဲ့တာ...
အခုတော့ နားလည်ပြီပေါ့နော်....
နင်လုယူခဲ့တုန်းက
ငါ့အသည်းနှလုံး ထုချေသလို
ကွဲအက်သွားခဲ့တာ.....။
ငါမခိုးပါဘူး....
နည်းနည်းလေးအတုယူမိတယ်လို့ တော့ 
သုံးနှုန်းချင်တယ်...
ငါ ဆုံးရှုံးခဲ့တာတွေအတွက်...
အတုန်းအရုန်းလဲခဲ့တာတွေအတွက်
ကြွေးဆုံးပြန်ရတယ်လို့ လဲ
ငါ ခိုင်းနှိုင်းချင်တယ်...။
ဒါပေမယ့်....
ဒါ ဇာတ်လမ်းတစ်ပုဒ်လုံးအတွက်
တန်ရာတန်ကြေးတော့မဟုတ်ခဲ့ဘူးနော်...
ဇာတ်ဝင်ခန်းတစ်ခုအတွက်
ထိုက်သင့်တဲ့ နစ်နာကြေး....။
တစ်ခုတော့ဝန်ခံမယ်...
ဒါ ငါခြယ်သခဲ့တဲ့ ပန်းချီကားတစ်ချပ်မဟုတ်သလို...
ထိ ပါစေလို့ ရည်ရွယ်ပြီး ပစ်လိုက်တဲ့မြားမဟုတ်လို့ ..
နင် အငိုက်မိချိန် အရှိုက်တည့်တည့် ထိသွားရင်လဲ..
ငါ အကဲစမ်းပြီး တပွဲတလမ်း နွှဲတာမဟုတ်တာတော့
နင့်ကို နားလည်စေချင်တယ်.....။
Friday 7 September 2012
အဖြေ....
အိတ်ဖေါင်းပေမယ့်
စိတ်မပြောင်းစေနိုင်တဲ့ 
မင်းရူပါက ချူချာနေလို့ 
ငါ ငြူစူမိတာ
မထူးဆန်းဘူးထင်တာပဲ....
တလေးတစားအသွင်ကိုပစ်..
ကလေးကလားအသွင်သစ်နဲ့ .
ချွဲ့ ကာနွဲ့ ကာပြတဲ့ မင်းကို
မဲ့ ကာရွဲ့ ကာပြတဲ့ ငါ့ကိုယ်ငါ..
လွန်တယ်လို့ မသတ်မှတ်ဘူး...
ရွေးလွန်းရင်လဲ မရ..
သေးလွန်းရင်လဲ မလှဆိုပေမယ့်
ငါစံထားခဲ့တဲ့ အချက်အလက်တွေနဲ့ 
တက်တက်စင်အောင်လွဲခဲ့လို့ 
ငါမရွေးချယ်တာ..
မှားတယ်လို့ မယူဆဘူး..
ပလီပလာတွေနားထား..
တီတီတာတာတွေနားကြားပြင်းလို့ 
အီချင်တာတောင်ပျောက်
အပီအပြင်သာငေါက် ချင်တော့တယ်...
ငါက ဟောက်ဆာဂျင်တော့မဟုတ်ပါဘူး
အငေါက်မှာတော့ ဆရာတင်လောက်သူမို့ 
ထောက်ထားစရာတွေနဲ့ 
ခြောက်ချားတတ်ရင်တော့
ငါ့ရှေ့ ရောက်မလာစေနဲ့ ပေါ့...
ဝဲကထူ၊ဗိုက်ကပူ
ချက်ကဆူနဲ့ အိုင်လပ်ဗ်ယူတဲ့ 
ချစ်စကားလေးတစ်ခွန်းသူပြောတော့
ခွန်းတုံ့ ပြန်ဖို့ စကားလုံးတွေတောင်ရှားပါး
နားခါးတယ် ထင်ချင်လဲထင်ပေါ့..
ငါ့ရင်မှာ ဘ၀င်မကျလို့ 
No Thanks ပဲပေါ့ ကိုယ့်ဆရာရယ်....။
Thursday 30 August 2012
တောင်းဆိုတယ်..
ငါ့စိတ်တွေရှုပ်ထွေး
အတွေးတွေလဲ တုပ်ကွေးမိသလို
နုံးချိချိနဲ့  ယဲ့တဲ့ တဲ့ အပြုံးတွေရယ်..
နဲ့ တဲ့ တဲ့ ခြေထောက်တွေတောင်
ယိုင်မသွားအောင်..
အယောင်ဆောင်ပြီး ငါ
ထောင်လွှားသယောင်ဆောင်ပြခဲ့တယ်....
လာမယ့်အနာဂါတ်လား....
ငါတွေးကြောက်နေတာ..
သူချောက်နေတာမဟုတ်မှန်းသိလဲ..
အလိုလိုနေရင်း ငါ့စိတ်တွေ
ဆောက်တည်ရာမဲ့ နေတယ်...
မနက်ဖြန်ဆိုတာ
VCD တစ်ချပ်သာဆို
ငါငိုရမယ့်နေ့ တွေအတွက်
အကွက်ကျကျရောက်လာမယ့်
မနက်ဖြန်ပေါင်းများစွာကို
သိုသိပ်စွာ မျိုသိပ်မနေပဲ
ရဲရဲရင့်ရင့် ရစ်ပစ်ချင်မိတယ်....
ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ငါ့အနား..
သူရောက်လာတဲ့ တစ်နေ့ ..
လှိုက်လှိုက်လှဲလှဲမကြိုဆိုနိုင်တောင်..
သူ့ အတွက် ထိုက်တန်အောင်..
အလိုက်အထိုက်တော့ နေပေးရမှာပေါ့လေ...
ဒါပေမယ့် ကြိုတောင်းပန်မယ်..
မယ်မယ်ရရ စကားမဆိုတတ်လို့ 
ငါ့အပြုံးတွေချို့ တဲ့ နေခဲ့ရင်..
ငါ့ကိုအပြစ်မဖို့ ပါနဲ့ ...
မဆို့ မပို့ ခံစားချက်တွေနဲ့ 
ယဲ့ ယဲ့လေးကျန်တော့တဲ့ 
ငါ့ရင်တစ်ခြမ်း ပဲ့နှင့်နေခဲ့ပြီမို့ 
ငါ့လုပ်ရက်အားလုံးကို
ဖြစ်နိုင်ရင် ဘေးမဲ့ ထားပေးပါ....။
Thursday 23 August 2012
ငါ...
ငါ...
အနု အလှတွေနဲ့ 
သမုဒယတွေလဲမတတ်ပါဘူး..
အယုအယတွေနဲ့ 
ထုဆစ်ခဲ့တာမဟုတ်လို့ 
အလှအပကိုမခံစားတတ်တာ..
အဆန်းတစ်ခုမှမဟုတ်ခဲ့တာ....
ငါ...
ပညာရှင်အဆင့်မဟုတ်ပါဘူး
ဝါသနာရှင်အဆင့်သာသာမို့ 
ကာရံမဲ့ ကဗျာနဲ့ လွမ်းချင်းတွေ
တမ်းခဲ့တာလဲ..
မနွမ်းရုံတမယ်ပါ....
ငါ...
နာမည်ကျော်မဟုတ်ပါဘူး..
အဆိုတော်ရူးမို့ ..
ဂီတ မှာရစ်မူးခဲ့တာ
မြူးခဲ့တဲ့ ငါ့ကိုယ်ငါ
အထူးတလည် နာမည်မတပ်ချင်ဘူး...
ငါ...
နင်ကျောခဲ့သမျှ
အလျှော့ပေးခဲ့ပေမယ့်
နင်အပြောများတဲ့ 
အပေါစားတော့မဟုတ်ခဲ့ဘူး....
ငါ...
ကောက်ကျစ်စဉ်းလဲတဲ့ 
လောကကြီးအလယ်..
ရိုးသားတယ်လို့ ခေါင်းစဉ်တပ်ရင်း
မကြာခဏ ငါရိုးအခဲ့ဖူးတယ်...
ငါ...
စော်တကားမော်တကားနဲ့ လဲ
မော်တော်ကားမစီးဖူးဘူး..
ငါ့ကိုယ်ငါကြော်ငြာပြီးလဲ
အော်စကာဆုမဆွတ်ခူးခဲ့ဖူးဘူး...
ငါ...
အထူးပြုထားတဲ့ ဘာသာရပ်က
ဦးညွှတ်ထားတဲ့ နှလုံးသားမို့ 
ငါ့ကိုရူးသွပ်တယ်လို့ ပြောလဲ
ငါ..လူးလွန့် လို့ သာနေမယ်...။
Friday 17 August 2012
နေရာ
နေရာဆိုတာ...
တော်ရာလူအတွက်မှန်း
ငါမေ့လျော့နေခဲ့မိတယ်..။
မတော်တဲ့ အ၀တ်ဝတ်မိလို့ 
ဟားတိုက်ခံရတဲ့ ငါ..
ကျားကိုက်ခံရတာထက်ပို
နာကျင်နေမိတာ..
ငါ... တော်ရာမမှန်းခဲ့လို့ လား....။
တွယ်တာမိတဲ့ နေရာအတွက်
ကွယ်ရာမှာငိုခဲ့တဲ့ ငါ..
ရုန်းမထွက်နိုင်တဲ့ နွယ်ရှင်တွေကြား
ငါ.. သားကောင်ဖြစ်ခဲ့ရတယ်..။
ဘ၀ဆိုတာ...
ေ၀၀ါးဝါးပါပဲ..
ငါဆိုတာလဲ မှုန်ဝါးဝါးတစ်ခုပဲ..
တော်ရာမှာမနေခဲ့တဲ့ ငါ..
ချော်ကာကျမှ..
သရော်သူတွေကြား..
အော်ငိုပြနေခဲ့မိတယ်..။
အရှက်နဲ့ အသက်
ထပ်တူတန်ဖိုးထားတဲ့ ငါ..
အချက်ပြခံရတာကို
သတိမချပ်မိလောက်အောင်လဲ
တခါတခါ ငါအသိတရားတွေ
လွတ်လွတ်သွားခဲ့မိတယ်....။
အ၀ါကဒ်ပြခံရတာသိရက်နဲ့ 
ဆက်တိုးခဲ့တဲ့ ငါ..
အနီကဒ်ပြ အထုတ်ခံရမှ
ငိုကြွေးနေမိတာ..
အမှတ်မရှိခဲ့လို့ လား...။
ရခဲ့ပြီးမှ..ဆုံးရှုံးသွားတဲ့ 
နေရာတစ်ခုအတွက်
ရူးသွပ်ခဲ့တဲ့ ငါ့ကိုယ်ငါ..
ဦးညွတ်ရင်း..
အနူးအညွှတ်ပြောချင်တာက..
နောက်ထပ် ငါဘယ်တော့မှ
မရူးမိုက်တော့ဘူး.....။
Tuesday 14 August 2012
သမ္မာကျမ်းစာနေ့ အကြိုသီချင်းပြိုင်ပွဲ
သီချင်းပြိုင်တဲ့ နေ့ ကပေါ့..။အသွားဘက်တုန်းကတော့ အပျော်လေးတွေနဲ့ ပေါ့ကွယ်..။
အပြန်ကျတော့ ခေါင်းငိုက်စိုက်ကျပြီးပြန်လာခဲ့ရတယ်..။
ဒီနှစ်ဆုမရတော့လဲ.. နောက်နှစ်ပေါ့.. ဒီလိုပဲအားတင်းရင်း......း)
သြော်.. မေ့လို့ .. ချင်းမလေးဆိုတာဘယ်တစ်ယောက်လဲလို့ ပြောပြတော့မယ်နော်..။
သိချင်ချင် မသိချင်ချင်.. :P 
သူက တီရှပ် အစိမ်းရောင်လေးဝတ်ထားတယ်.။ပြီးတော့ ဂျင်းအနက်ရောင်လေးနဲ့ ..။
ဆံပင်ကအရှည်.. ကောက်လား၊ဖြောင့်လား ဆိုတာတော့မပြောပြဘူး။ထင်းထင်းကြီးပါပဲ..။
ဟဲဟဲ.. အခုတလော စာမရေးဖြစ်တော့ ဒီလိုပေါက်ကရတွေပဲလျှောက်တင်ဖြစ်နေတယ်..။
အားလုံးပဲ ... သီးခံပြီး ဖတ်၊ကြည့်ပေးကြပါ.. :D
လာမည့် သောကြာနေ့ မှ ကဗျာတင်တော့မယ်နော်.. တာ့တာ.. :)
Monday 13 August 2012
နမော်နမဲ့ နဲ့ ကျွန်မ....
အဲ့ဒီနေ့ ကတနင်္ဂနွေနေ့ ပေါ့......။ဘုရားကျောင်းကအပြန်ထိရှိနေပါသေးတယ်။အိမ်ရောက်တော့
ရေမိုးချိုး၊ထမင်းစားပြီးသင်တန်းတက်ဖို့ ထွက်လာခဲ့တယ်။ဘတ်စ်ကားပေါ်ရောက်တဲ့ အချိန်ထိ
သတိမထားမိသေးပါဘူး။ဆေးသောက်ထားတဲ့ အရှိန်ကြောင့်အိပ်ချင်နေတာနဲ့ ကားပေါ်မှာ အိပ်
ရင်းနဲ့ လိုက်လာခဲ့တာပေါ့..။ရန်ကုန်မိုးကလဲ ၃နာရီခွဲလောက်ဆို အမြဲ သည်းကြီးမည်းကြီးရွာနေ
တော့တာပဲ....။အရေးထဲ နောက်ကျနေပါပြီဆိုမှ ကားက မီးပွိုင့်နှစ်ခါတိတိမိလိုက်သေးတယ်။
          ကားပေါ်ကဆင်းမယ့်အချိန်မိုးတွေသည်း၂မည်း၂ ရွာနေတယ်.။တကို.ယ်လုံးလဲမိုးစိုကုန်
တော့တာပေါ့.။သင်တန်းရောက်တော့ အတန်းချိန် ၁၅ မိနှစ်တောင်နောက်ကျနေခဲ့ပြီ။ ဆရာမက
Notes တွေကိုရှင်းပြပြီးလို့ ပုစ္ဆာတောင်တွက်တော့မယ်။ဆရာမရှင်းပြတဲ့ အချိန်မ မှီလိုက်လို့ ပုစ္ဆာ
တွက်တဲ့ အချိန်မှာအရမ်းဒုက္ခရောက်ခဲ့ရတယ်။
           အဲ့ဒီအခန်းကလဲ တော်တော်ခက်တာ။တွေးတော့တွေးကြည့်နေတာပဲ။အဖြေမရဘူးဖြစ်နေ
တယ်။စာမရတော့ စိတ်တွေလဲညစ်၊စာထဲမှာ စိတ်နှစ်ထားတော့ သင်တန်းတစ်လျှောက်လုံးလဲ ကျွန်မ
သတိမထားမိသေးပါဘူး။ ၈နာရီထိုးလို့ သင်တန်းဆင်းတဲ့ အချိန် အိမ်ပြန်တော့မှ ကားပေါ်မှာ ကျွန်မ
သယ်ရင်းနဲ့ အတူ ထိုင်နေရင်းနဲ့ သူ့ လက်ကိုအကြည့်ရောက်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်သူကလဲ
ကျွန်မလိုပဲ လက်မမှာလက်စွပ်ဝတ်ထားတယ်လေ။သူ့ လက်ကိုတွေ့ မှပဲ ..ဟိုက်.. ကျွန်မ လက်မှာ 
လက်စွပ်မရှိတော့မှန်းသတိထားမိတော့တယ်။
           ကျွန်မ ထူပူသွားတယ်။ဘယ်အချိန်မှာဘယ်လိုပျောက်သွားမှန်းကိုမသိတာ။အတွေးတွေက
တော့ ယောက်ယက်ခက်နေတော့တာပေါ့။ကျွန်မ အိတ်ထဲကိုရှာကြည့်တယ်။မတွေ့ ဘူး။ထိုင်ခုံအောက်
ကိုငုံ့ ပြီးရှာကြည့်တယ်။ဒါလဲမတွေ့ သေးပါဘူး။ငိုချင်နေပြီ။ဘယ်လိုလုပ်ရမလဲ။လက်စွပ်ကအရမ်းတန်ဖိုး
မကြီးလှပါဘူး။ဒါပေမယ့်လေ...လူတိုင်းက ကိုယ့်ပစ္စည်းဆို အရမ်းတန်ဖိုးထားတတ်ကြတယ်မဟုတ်လား။
ဈေးကြီးကြီးမကြီးကြီးလေ...။
             ကျွန်မလဲ လူသားတယောက်ဖြစ်နေတော့ နှမြောမိတာပေါ့။ ပြီးတော့ အိမ်က ၀ယ်ပေးထားတဲ့ 
လက်စွပ်ဆိုတော့ ကျွန်မ မိဘတွေသာသိရင် ဆူပူနေဦးမှာ သေချာတယ်။.ကျွန်မ လဲ လျှောက်တွေးနေ
မိတာပေါ့။တို့ ဆေးနဲ့ များတို့ ပြီး ယူသွားလားပေါ့။ဒါပေမယ့်ဒီခေတ်မှာ တို့ ဆေးမှ မသုံးကြတော့တာနော်။
လက်ကနေလျှောကျရအောင်လဲ လက်စွပ်ကအရမ်းချောင်မနေဘူးလေ။ စဉ်းစားလို့ ကိုမရတာ။စိတ်ထဲက
နေဆုပဲတောင်းနေမိတော့တယ်။ပြန်ရှာတွေ့ ပါစေလို့ ...။
             အိမ်အမြန်ပြန်ရောက်ဖို့ ပဲစိတ်လောနေမိတော့တယ်။အိမ်မှာများကျန်ခဲ့လားလို့ ပြန်ရှာကြည့်ရမှာ
ပဲ။သယ်ရင်းကလဲ ပြောတယ်။နင်တစ်ခုခုနဲ့ တိုက်မိပြီး ချွတ်မိရက်သားဖြစ်သွားတာနေမှာပေါ့တဲ့ ။
အိမ်လဲပြန်ရောက်ရော.. ကျွန်မ မိဘတွေကို ဘာမှမပြောရဲသေးဘူး။မှန်တင်ခုံပေါ်ရှာတယ်။မတွေ့ ဘူး။
ရေချိုးခန်းထဲရှာတယ်။မတွေ့ ပြန်ဘူး။တကယ်ငိုချင်နေပါပြီ... ငိုမဲ့ မဲ့ နဲ့ ရေချိုးခန်းက ထွက်ပြီး မြောင်းထဲ
ကြည့်လိုက်တော့ ...ကိုယ့်ဆရာလေးက မြောင်းထဲမှာရှိနေတယ်လေ..။ဟယ်.. ပြန်တွေ့ ပြီ။ ပျော်လိုက်သည့်
ဖြစ်ခြင်း။
                 ငိုမဲ့ မဲ့ မျက်နှာကအပြုံးတွေ ပြန်ဖုးပွင့်လို့ လာပါပြီ။ကျွန်မ ရေချိုးတုန်းက ဆပ်ပြာတိုက်ရင်း
ချောလို့ ကျသွားတာဖြစ်မှာပေါ့။လော၂လော၂နဲ့ ဆိုတော့ သတိမထားမိလိုက်ဘူးလေ။ အခုမှပဲသက်ပြင်း
ချနိုင်တော့တယ်။ကျွန်မကလဲ ကျွန်မပါပဲ... လက်စွပ် ကိုလက်ခလယ်မှာ ၀တ်လို့ ရရက်နဲ့ ရှည်ပြီး လက်မ
မှာသွားဝတ်ထားတာလေ..။လက်ခလယ်ဆိုရင် ဆပ်ပြာတိုက်လို့ ချောရင်တောင် သူကရှည်ပြီးကွေးနေကျ
ဆိုတာ လွယ်လွယ်နဲ့ ပြုတ်မကျတော့ဘူးပေါ့။လက်မကျတော့ ပုတိုတိုလေးနဲ့ ဆိုတော့ ဆပ်ပြာတိုက်လိုက်
တော့ လျှောခနဲပဲ....။
                  လက်စွပ်ပြန်တွေ့ တော့မှ ကျွန်မ အမေကို ပြောပြရဲတော့တယ်။ပုံပြင်လေးကတော့ဒါပါပဲရှင်
ဟီး.. :D ရှိုးထုတ်ချင်တဲ့ ကျွန်မ... နမော်နမဲ့ နဲ့ မို့ ဒုက္ခနဲ့ လှလှ တွေ့ သွားတာပေါ့ရှင်....။
                    သြ.... အပေါ်က လက်က ကျွန်မရဲ့ လက်ပေါ့...။တခြားမိန်းကလေးတွေဆိုရင် လက်ချောင်း
လေးတွေသွယ်သွယ်ရှည်ရှည်လေးတွေနဲ့ .. ကျွန်မကတော့ တုတ်တုတ်လေးနဲ့ မိန်းကလေးလက်နဲ့ တောင်
မတူဘူးနော်.. :P
Thursday 9 August 2012
ဆုတောင်း(၂)
မိုးသည်းတဲ့ ညတစ်ညမှာပေါ့...
စင်တင်ပြဇာတ်တစ်ပုဒ်..
အရှုပ်ထုတ်တွေဖြေရင်း
တစ်ကွက်ပြီးတစ်ကွက်..
ကွင်းကွင်းကွက်ကွက်နဲ့ 
ငါ့ရှေ့ မှာ နင်ချပြခဲ့တယ်...။
ကမ္ဘာကြီးပြောင်းပြန်လှန်သွားသလိုပါပဲ..
ငါ့ရင်တွေဗြောင်းဆန်သွားခဲ့တယ်...
ရင်ဘတ်တစ်ခုလုံး
ကွဲထွက်မတတ်ခံစားရတယ်...။
ငါယုံကြည်ခဲ့တဲ့ အချစ်
ငါကိုးကွယ်ခဲ့တဲ့ အချစ်
ငါမြတ်နိုးခဲ့တဲ့ အချစ်က
လှည့်ကွက်တစ်ခုဆိုတာ သိလိုက်ရချိန်
လှည့်ထွက်ဖို့ ငါ ကြိုးစားပေမယ့်
ငဲ့ကွက်စရာတွေက
ငါ့နှလုံးသားကို အစိတ်စိတ်အမြွာမြွာ
ကွဲအက်စေတယ်လေ...။
ဒီနေ့ ပြီးရင်
အားလုံးပြီးဆုံးသွားပြီဆိုတဲ့ အသိ...
နောက်ထပ်ဘယ်တော့မှမတွေ့ ရတော့ဘူးဆိုတဲ့ အသိ...
အရမ်းမြတ်နိုးတဲ့ အရာတစ်ခု
လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ အသိ...
အဆိုးဆုံးက....
ချစ်ခွင့်မရှိတော့ဘူးဆိုတဲ့ အသိ...
အသိတွေက ရင်ကိုနင်းခြေလိုက်သလိုပါပဲ..
နာကျင်နေခဲ့တာ.....။
"တောင်းပန်ပါတယ်" တဲ့ 
ဗြောင်းဆန်သွားတာတော့ သူမသိဘူး..
ဟောင်းတာတွေ ကောင်းတာနဲ့ လဲဖို့ 
သူထွက်သွားခဲ့တာ
ပဲ့ထွက်သွားတဲ့ ငါ့နှလုံးသားလေးပဲ
အဖတ်တင်ကျန်ရစ်တယ်...။
ချစ်သူ....
အမုန်းဆိုတာ အရှုံးလို့ 
ငါသတ်မှတ်ပေမယ့်
ဆက်ပြီးမုန်းနေမိတာ..
ထပ်ပြီးအရှုံးပေးဖို့ တော့
မဟုတ်ခဲ့ဘူးနော်...။
အသစ်တွေသာလိုချင်တဲ့ ချစ်သူ
အစစ်တွေသာရပါစေ...
ဒါပေမယ့် တစ်ခုပဲ..
ဝဋ်ဆိုတာလည်တတ်သတဲ့ ...
အနှစ်မရှိတဲ့ ဘ၀မှာ
အဖြစ်မရှိတဲ့ လူသားမဖြစ်ဖို့ ...
အပြစ်တွေဝန်ချနိုင်ပါစေ....။
Friday 3 August 2012
နင်နားလည်ဖို့ ..
ကံတရားက ကျီစားလွန်းတယ်..
တွေ့ ဆုံမှုတောင်အရာမထင်သေးဘူး..
ခွဲခွာခြင်းကရောင်နီဦးလို
ထွန်းတောက်လာတယ်....။
အခေါက်ခေါက်အခါခါ
ပြန်တွေးကြည့်တော့..
အကြောက်အကန်ငြင်းခဲ့တဲ့ခွဲခြွာ
ခင်းက..
ထောက်ခံချက်အပြည့်နဲ့ ငါတို့ ချစ်ခြင်းကို..
ဆောက်တည်ရာမဲ့စေတယ်....။
ဝါးတားတားအနာဂါတ်ထဲ..
အနေဝေးရင်သွေးအေးသွားတတ်တာမို့ ..
အချစ်တွေအေးခဲမသွားအောင်
ပြန်ပြန်နွေးဖို့ တော့..
မမေ့ကြစို့ ပေါ့....။
တွေ့ဆုံခြင်းနောက်
ခွဲခွာခြင်းရောက်သလို..
ခွဲခွာခြင်းရဲ့အဆက်လဲ
ပြန်လည်တွေ့ဆုံခြင်းမို့ ..
သံသရာတကွေ့မှာ
ပြန်လည်ပျော်မွေ့ဖို့ 
ခဏတာဝေးကြစို့ ပေါ့...။
ထားခဲ့ရခြင်းက ငါ့အတွက်
ခါးသက်လွန်းပါတယ်..
ဒါပေမယ့်..
အဖျားခတ်သွားတဲ့  ငါ့နှုတ်ဆက်စကားသာ
အနားသတ်ညီစွာ နင့်နားထဲ
ဆင်းသက်နိုင်ရင်..
သေချာတယ်...
ငါ.. တအားရက်စက်စွာထားခဲ့တာမဟုတ်မှန်း
နင် နားလည်လိမ့်မယ်...။
( ချစ်ဆုံးသယ်ရင်းအတွက် အငှားခံစားချက်နဲ့ ရေးဖွဲ့ ပေးထားပါသည်။း)
Monday 30 July 2012
အဆိုတော်မဟုတ်သော.. အဆိုရှင်များဘုရားဂုဏ်တော်ချီးမွမ်းနေစဉ်...
အဲ့ထဲမှာ.. ချင်းမလေးပါ၏..ဘယ်သူသိလဲ..ပြောကြည့်.. :P
Friday 27 July 2012
ဝဋ်ကြွေးရှိသမျှ ကျေပါစေသား
အသစ်ဆိုတာ
အပြစ်တွေဖြစ်ပွါးစေတတ်မှန်း
ကြိုသိခဲ့ရင်
ငါ.. မချစ်ခဲ့မိပါဘူးကွယ်....။
နင်နဲ့ ငါ့အကြား..
နားလည်မှုတွေေ၀၀ါး..
ယုံကြည်မှုတွေထွေပြား..
မာနတရားတွေထောင်လွှားလို့ ..
ဝေးကွာခြင်းကပါ သွေးထိုးလာတော့..
ငါ.. သွေးအေးသွားခဲ့တာ..
ငါတို့ ဆွေးနွေးမှုရဲ့ လမ်းဆုံးတစ်ခုပေါ့...။
 ဗြောင်းဆန် ပြီးတဲ့ နောက်တော့
ငါတောင်းပန်မနေချင်တော့ပါဘူး...
နင့်ဘက်ကအကြောင်းပြန်ချက်ကိုလဲ
နားမထောင်ချင်တော့ပါဘူး...။
ငါမှားခဲ့တယ်ဆိုတာထက်ပို
မိုက်ရူးရဲဆန်ခဲ့တာပါ..
ငါချစ်ခဲ့တယ်ဆိုတာထက်ကို
နှစ်မွန်းလွန်ခဲ့တာပါ...။
ပြင်မရတဲ့ ဇာတ်
ငါ အထပ်ထပ်ဆင်ဆာမဖြတ်ချင်တော့ဘူး...
မပြတ်နိုင်တဲ့ ကြိုး
အဆက်မပြတ်ဖြတ်ဖို့ မကြိုးစားချင်တော့ဘူး...။
နောင်တဆိုတာ နှောင်မှတရစမြဲမို့ 
နှောင်းမှရတဲ့ ငါ့နောင်တအတွက်
ချောင်ကျကျနေရာမှာ
အမှောင်ကျချိန်ကိုစောင့်
ထောင်ကျသလိုခံစားချက်နဲ့ 
နောင်တဆိုတဲ့ စကားလုံး
တနုံ့ နုံ့ နဲ့ ခံစား..
တရှုံ့ ရှုံ့ နဲ့ ငိုကြွေးခဲ့ရဖူးသူပါ.....။
ကျောခိုင်းပြီးရင်
လှည့်မကြည့်တတ်တဲ့ ငါ..
ရွေးချယ်ခဲ့တဲ့ လမ်းဟောင်း
အဆိုးအကောင်းအကျိုးအကြောင်း
ငါ.. ခေါင်းထဲကထုတ်..
အပူရုပ်သက်သက်နဲ့ 
ငါဆက်လျှောက်ခဲ့တယ်....။
ငါမှားခဲ့တာအတွက်
ထားသွားခံရတယ်.
ငါသတ်ခဲ့မိတာအတွက်
နှိုင်းဆမရတဲ့ အရှက်နဲ့ ဂုဏ်သိက္ခာ
နလန်မထူနိုင်အောင်ပြန်အသတ်ခံရတယ်...
ဒါဝဋ်လည်တယ်ဆို.. ငါဝဋ်ကြွေးကျေပြီပေါ့....။
မျက်စိတစ်ဖက်အတွက်မျက်စိ
သွားတစ်ချောင်းအတွက် သွား
ဆိုတဲ့ ဥပဒေ..
ငါနဲ့ ကျမှ
နှလုံးသားတစ်စုံအတွက်
ဘ၀ကို တစ်ဖုံ
ပုံအောလိုက်ရတာ..
သိပ်တော့လဲမတရားဘူးပေါ့.....။
အရိပ်ဆိုတာ အလင်းထွက်မှရှိတတ်ပေမယ့်
ငါ့ဘ၀ရဲ့ အမှောင်နေ့ ရက်တွေမှာ
အရိပ်တွေက အတိတ်ရဲ့ ကိုယ်စား
နောက်က လိုက်လို့ ...
ငါ့စိတ်ကိုကြောက်လန့် အောင်
ခြောက်လှန့် နေကြတယ်လေ......။
ငါယူခဲ့တဲ့ အကြွေး
နင့်အပေါ်ငါတင်ခဲ့တဲ့ အကြွေး
အတိုးရောအရင်းပါ
ချေပြီးပြီမို့ 
ငါ့အပေါ်ထားတဲ့ နင့်အမျက်
ပြေလောက်ပြီလို့ ငါယူဆတယ်...။
ငါကျူးလွန်မိတဲ့ အပြစ်အတွက်
ထိုက်သင့်တာထက်ပို
ငါပြန်ခံပြီးပြီမို့ 
ရှင်းစရာစာရင်း မကျန်တော့ပြီလို့ 
ငါယုံကြည်တယ်....။
ဒါ့ကြောင့်
ငါ့ကိုအောက်လမ်းနည်းတွေနဲ့ 
မထောက်လှမ်းချင်ပါနဲ့ ...
ကျိန်စာတွေလဲမတိုက်ပါနဲ့ ...
ဘ၀ကို အလိုက်အထိုက်နေတတ်သူမဟုတ်လို့ 
အထိုက်အလျောက်ရခဲ့တဲ့ ပျော်ရွှင်မှုတွေ
နင်.. အဆိပ်မခတ်ချင်ပါနဲ့ ....။
ဆပ်စရာအကြွေး
ကျေခဲ့ပြီးပြီမို့ 
အကြွေးရှင်မဟုတ်တော့တဲ့ နင့်အကြောင်း
ငါ မတွေးချင်တော့တာကိုတော့
နင်.. နားလည်ပေးပါ....။
အမုန်းတရားတွေဖက်တွယ်..
အရှုံးတွေ မပစ်ပယ်နိုင်ရင်
အပြုံးစစ်တွေလဲ ဆုံးတော့မှာမို့ 
အမုန်းရဲ့ ကျေးကျွန်ဘ၀မှရုန်းထွက်..
အပြုံးတွေဝေနေတဲ့ ဘ၀သို့ ကူးခတ်နိုင်ပါစေ.....။
Friday 20 July 2012
ဆုတောင်း
အဆုံးသတ်ကိုသိရက်နဲ့ 
အပြုံးမပျက်ပဲ
လျှောက်ခဲ့တဲ့ ငါတို့ ရဲ့ လမ်းမှာ
အရှုံးသက်သက်နဲ့ တော့
မတွေ့ ပါရစေနဲ့ ....။
မတူညီတဲ့ အယူအဆ
ကွဲပြားနေတဲ့ ခံယူချက်တွေက
တံတိုင်းကြီးတစ်ခုပမာ
ကာထားနေမှတော့
ကွာခြားတဲ့ ငါတို့ ဘ၀တွေ
တစ်ကမ္ဘာခြားပြီပေါ့.....။
မှားတော့မှားနေခဲ့တယ်။
တွေ့ ဆုံခြင်းကအမှားတစ်ခုလား..
ချစ်ခဲ့ခြင်းကပဲမှားနေခဲ့တာလား...
မမေ့နိုင်ခြင်းကရော အမှားပဲလား...
နဲနဲလေးတော့လွဲနေခဲ့တာ
အသေအချာပါ.....။
ချစ်ခဲ့ကြတာ...
ပျော်ရွှင်ခဲ့ဖူးကြတာတွေ..
အိပ်မက်တစ်ခုဆို
အဲ့ဒီအိပ်မက်က ငါ..
ဘယ်တော့မှ မနိုးထပါရစေနဲ့ ....။
မပီဝိုးတ၀ါးအနာဂါတ်ကိုရှေးရှု..
အတိတ်ကို ဥပက္ခာပြုလို့ ..
ယခု ပစ္စုပ္ပန်မှာ
ပန်းတိုင်မရှိပေမယ့်
အဆုံးမရှိတဲ့ လမ်းကိုလျှောက်လာခဲ့တာ..
အချစ်ရဲ့ စွမ်းအားကြောင့်လို့ ပြောရင်
ဘယ်သူငြင်းနိုင်မလဲနော်.....။
ရခဲ့ဖူးတဲ့ အကြင်နာတွေ
နွေးထွေးတဲ့ အချစ်တွေ..
နှစ်လိုဖွယ်အပြုံးလေးတွေ..
ရွှန်းရွှန်းစားစားကြည့်တတ်တဲ့ မျက်ဝန်းလှလှလေးတွေ..
နှလုံးသားတစ်ထောင့်တစ်နေရာမှာ
ထာဝရရှင်သန်နေဦးမှာပါ......။
ချစ်တိုင်းလဲမညားတဲ့ လောကမှာ..
ချစ်ခွင့်မရှိတော့တဲ့ တစ်နေ့ ရောက်ရင်
ငါ.. သိပ်ချစ်ခဲ့တဲ့ နင်တယောက်..
ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား
ခံစားမှုတွေ သက်သာနိုင်ပါစေ.....။
Friday 13 July 2012
အတိတ်ကအလွမ်းများ
လွန်လေပြီးသော
သက္ကရာဇ်တွေ
ငါပြန်စောင်းငဲ့ကြည့်တော့
အလွမ်းတွေက ငါ့ကို
လက်ယက်ခေါ်တယ်....။
ရခဲ့ဖူးတဲ့ အကြင်နာတွေ
ပြောခံရဖူးတဲ့ ချစ်စကားလေးတွေ
နူးညံ့တဲ့ အနမ်းလေးတွေ
ဒိတ် အောက်သွားခဲ့တာ
ငါစိတ် ကောက်လွန်ခဲ့တာကြောင့်လား.....။
ကံကြမ္မာကိုစိန်ခေါ်လို့ 
တိမ်ပေါ်တက်ပြီး ငါတို့ 
ပျော်ခဲ့ကြတဲ့ နေ့ ရက်တွေ
ဟိုးးးအတိတ်မှာကျန်ခဲ့တာကြာလှပေါ့.....။
ကလေးလေးတစ်ယောက်လို
တိုး ဝှေ့ ခဲ့ဖူးတဲ့ မင်းရင်ခွင်
ဟိုးးးး တစ်ကွေ့ မှာကျန်ခဲ့မှန်း
ငါမေ့ လျော့နေခဲ့မိတယ်....။
အတိတ်ဆိုတာအတိတ်ပါပဲ
အတိတ်ဆိုတာ ပလိပ်မဟုတ်လို့ 
ဂိတ်မှာထားလို့ မရပေမယ့်
တစ်ခါတစ်ခါ
အတိတ်တွေက ပစ္စုပ္ပန် ကို
လာလာနှောင့်ယှက်နေတတ်တယ်....။
ယှဉ်ပြိုင်တာကိုရင်ဆိုင်နိုင်ပေမယ့်
ဆုံးဖြတ်ချက်ကို
မသုံးသပ်ရဲခဲ့တာတော့
ငါ့ရဲ့ အားနည်းချက်ပဲထားလိုက်ပါတော့....။
ချစ်သူ ဆိုတဲ့ ခေါင်းစဉ်နဲ့ 
အပြတ်အသတ်သာနေတဲ့ပွဲမှာ
အတုံးအရုန်းနဲ့ လဲကျသွားခဲ့တာ
မင်းရဲ့ ရွေးချယ်မှုမို့ 
ကျေကျေနပ်နပ်ကြီး
တပ်ဆုတ်လိုက်မှာပါ......။
Thursday 5 July 2012
မဟူရာညရဲ့ ရှိုက်သံ
ငါ့စိတ်တွေထုံထိုင်း
အတွေးတွေအုံ့ ဆိုင်း
အမြင်အာရုံတွေမှုန်မှိုင်း
ခြေလှမ်းတွေတုံ့ ဆိုင်းလို့ 
မုန်တိုင်းကျတဲ့ ညတစ်ညလိုပေါ့......။
ဆောက်တည်ရာမရ
အတွေးခေါင်ခေါင်နဲ့ 
နေ့ ခင်းကြောင်တောင်မှာ
ငါငေးငေါင်လို့ နေတယ်......။
ခါးသက်တဲ့ လောကမှာ
အနားသတ်မညီတဲ့ ငါ့ဘဝ
အဟက်အစပ်မတည့်တဲ့ ငါ့အချစ်နဲ့ 
အဆက်စပ်မရှိတဲ့ ပတ်ဝန်းကျင်
ခံစားချက်တွေထုံကျဉ်ကျဉ်...........။
ဦးတည်ရာမဲ့
အနာဂါတ်ဆိုတာ မှုန်ဝါးဝါး
ပစ္စုပ္ပန်ဆိုတာ ၀ိုးတ၀ါး
အတိတ်တွေသာအရိပ်တွေလို
နောက်ကတကောက်ကောက်လိုက်လို့ နေတယ်လေ......။
ခါးသက်သက်ဘ၀ထဲ
အကျဉ်းကျနေတဲ့ ငါ့ဝိညာဉ်
အထင်းသားပေါ်လွင်တဲ့ ပစ္စုပ္ပန်မှာ
အကျဉ်းသားဘ၀မှ ငါ့ကို
လွှတ်မြောက်ခွင့်ပေးပါ........။
Thursday 28 June 2012
ဆက်ချစ်နေမယ်
လျှောက်ခဲ့ဖူးတဲ့ လမ်းမှာ
ခြေသံတွေ တိတ်ဆိတ်လို့ 
တူတူထိုင်ခဲ့ဖူးတဲ့ အုတ်ခုံပေါ်
သစ်ရွက်ခြောက်တို့ နေရာယူလို့ 
ရယ်သံလွင်လွင်တွေ ဆိတ်သုဉ်း
ဇာတ်လမ်းလေး ဂိတ်ဆုံးမှ
သိလိုက်ရတာ
ငါဆိုတာ မင်းအတွက် ဘိတ်ဆုံး.....။
အချစ်က ဘ၀နဲ့ နှိုင်းယှဉ်ရင်
အစိတ်အပိုင်းလို့ သတ်မှတ်ခဲ့တဲ့ မင်းအတွက်
အချစ်က ဘ၀ပါလို့ သီကျူးခဲ့တဲ့ ငါ့အချစ်က
သမိုင်းတော့ မတင်လောက်ဘူးထင်ပါရဲ့ ......။
ဘ၀ခါးခါးမှာ
အချစ်တွေခါးမသွားဖို့ 
ငါ တားထားတဲ့ စည်းတွေ
နားနားပြီး ခြားရတာ
ဖျားလောက်မယ်ထင်တယ်......။
တိတ်ဆိတ်တဲ့ ညနေခင်းမှာ
ပိတ် အိပ်ဖို့ ငါကြိုးစားပေမယ့်
ဒိတ် မလုပ်ဖြစ်တော့တဲ့ 
နေ့ ရက်တွေအတွက်
တိတ် တဆိတ်နဲ့မျက်ရည်တွေ
ဖိတ် ဖိတ်ပြီးကျလာတုန်းပဲ.......။
အလွမ်းတွေထုတ်ပိုး
နွမ်းပါစေလို့ မရည်ရွယ်ပေမယ့်
ပမ်းလာတဲ့ နေ့ ရက်တိုင်းမှာ
အလွမ်းပြေ ထုတ်ထုတ်ကြည့်ဖို့ 
သိမ်းဆည်းထားခဲ့တာ
ယနေ့ ထက်ထိပဲ.......။
လမ်းခွဲဖို့ ချစ်ခဲ့တာ မဟုတ်ပေမယ့်
ချစ်ခဲ့ပြီးနောက် လမ်းခွဲရလို့ 
ကေကြွဲပေမယ့်
ဝေခွဲမရတဲ့ မင်းအချစ်တွေအတွက်
ငါ...... ကြေကွဲစွာနဲ့ ဆက်ချစ်နေဦးမှာပါ......။။
Friday 22 June 2012
ဇဝေဇ၀ါ
ဇာတ်သိမ်းခန်းရောက်နေတဲ့ 
ဇာတ်လမ်းလေးတစ်ပုဒ်
နောက်ကိုပြန်ပြန်ရစ်နေမိတာ
ငါ့ရဲ့ သတ္ထိကြောင်မှုတစ်ခုလား.....။
ကတိတွေအထပ်ထပ်ပေး
ဘယ်တုန်းကမှ မတည်ခဲ့ပေမယ့်
ယုံကြည်နေခဲ့မိတာ
ငါ့ရဲ့ ရူုးသွပ်မှုတစ်ခုပဲလား.....။
ရှေ့ ရောက်ရင်နာခံပြပြီး
နောက်ကွယ်မှာ အာခံတတ်မှန်းသိရက်နဲ့ 
တောင်းဆိုမှုတွေ ပြုချင်နေသေးတာ
ငါ့ရဲ့  တပ်မက်မှုတစ်ခုလား.....။
ငါ့ကိုတွန်းထုတ်တဲ့ 
လက်တစ်စုံကို
စွဲမြဲစွာ ဆုပ်ကိုင် ချင်နေသေးတာ
ငါ့ရဲ့  လောဘကြီးမှုတစ်ခုလား....။
နှစ်နှစ်ခွဲကျော်ဆိုတဲ့ 
ကာလတစ်ခုက
တစ်နှစ်ဆိုတဲ့  တိုတောင်းတဲ့ အချိန်ကို
မယှဉ်နိုင်တာ
ငါ့ရဲ့  ညံ့ဖျင်းမှုတစ်ခုပဲလား......။
ငါ့ရှေ့ ရေးအတွက်
ငါလုပ်လိုက်တဲ့လုပ်ရက်က
မင်းကို သူ့ ဆီတွန်းပို့ သလို
ဖြစ်နေခဲ့တာလား......။
မင်းပြောတဲ့
စကားလုံးကြမ်းကြမ်းတွေ
ရင်ကိုထိမှန်ခဲ့ပေမယ့်
စိတ်မနာနိုင်တာ
ငါ့ရဲ့  အားနည်းချက်တစ်ခုပဲလား....။
ပြီးခဲ့ပါပြီ။
အားလုံးပြီးဆုံးသွားပြီ။
မရေရာတဲ့ စကားတစ်ခွန်း
သေသေချာချာ ပြောခဲ့တာ မဟုတ်လို့ 
ငါလဲ ဇဝေဇ၀ါနဲ့ ဖြစ်နေခဲ့တာ
အခုထက်ထိပါပဲ.....။။။။
Wednesday 13 June 2012
မပြိုင်ပဲ ရှုံးတဲ့ ပွဲ
အပြိုင်အဆိုင်ကို
ငါစိတ်မ၀င်စားဘူး
ဒါပေမယ့် ငါ့ကို
လာလာပြိုင်ကြတယ်..။
ငါကငါ့အတွက်
အကောင်းဆုံးလမ်းရွေးခဲ့တာ
သူများတွေထိခိုက်ဖို့ မရည်ရွယ်ဘူး
ဒါပေမယ့်သူတို့ တွေက
ငါ့ကိုတိုက်ခိုက်နေမြဲပဲ....။
ဒိုင်တွေကနှိုင်းယှဉ်တယ်
သူတို့ တွေက တိုင်းချင်တယ်
တကယ်ဆို ငါက
နေရာကောင်းတစ်ခုအတွက်
လမ်းပေါ်လျှောက်နေသူတစ်ယောက်သာ....။
အပြိုင်အဆိုင်တွေမရှိဘူး
အနိုင်ကိုလဲ မမက်မောသလို
အရှုံးလဲမပေးချင်ဘူး...။
ငါလိုချင်တဲ့ နေရာကို
သူတို့ က ပန်းတိုင်လို့ သတ်မှတ်တယ်.
ငါလျှောက်နေတဲ့ လမ်းကို
သူတို့ က ပြိုင်ပွဲလို့ သတ်မှတ်တယ်။
လောကကြီးက မတရားပါဘူး
ကံတရားက ငါ့ဘက်မပါခဲ့ဘူး
ဒိုင်တွေကလဲ ငါ့ကိုမသနားကြဘူး..။
ငါလျှောက်မယ့်လမ်းမှာ
ဆူးတွေခင်းထားကြတယ်
ငါမရှောင်လိုက်နိုင်ဘူး
ငါ့မှာဖိနှပ်မှမပါခဲ့တာ....။
လမ်းခုလတ်မှာ
ငါ့ကိုမြှားနဲ့ ပစ်ကြတယ်
မရှောင်နိုင်ပြန်ဘူး
သံချပ်ကာအင်္ကျီမှမ၀တ်ခဲ့မိတာ.....။
လောကကြီးက မတရားပါဘူး
ကံတရားက ငါ့ဘက်မပါခဲ့ဘူး
ဒိုင်တွေကလဲ ငါ့ကိုမသနားကြဘူး..။
ပြိုင်ပွဲလို့ ငါမသတ်မှတ်ခဲ့တဲ့ 
ပြိုင်ပွဲတစ်ခုမှာ
ငါ  အတုံးအရုံးနဲ့ လဲကျသွားချိန်မှ
လက်ခုပ်သံတွေညံလို့ 
ငါ့ကျရှုံးခန်းအတွက်လား
သူတို့ အောင်မြင်မှုအတွက်လား
ဝေခွဲမရခင်မှာပဲ
အပြိုင်အဆိုင်တွေကို
စိတ်မ၀င်စားတဲ့ ငါ
ပြိုင်ဆိုင်မှုတွေကြား
ယောင်ဝါးဝါးနဲ့ 
ပြုံးမိသွားသလားပဲ......။