Friday 27 July 2012

ဝဋ်ကြွေးရှိသမျှ ကျေပါစေသား

အသစ်ဆိုတာ
အပြစ်တွေဖြစ်ပွါးစေတတ်မှန်း
ကြိုသိခဲ့ရင်
ငါ.. မချစ်ခဲ့မိပါဘူးကွယ်....။

နင်နဲ့ ငါ့အကြား..
နားလည်မှုတွေေ၀၀ါး..
ယုံကြည်မှုတွေထွေပြား..
မာနတရားတွေထောင်လွှားလို့ ..
ဝေးကွာခြင်းကပါ သွေးထိုးလာတော့..
ငါ.. သွေးအေးသွားခဲ့တာ..
ငါတို့ ဆွေးနွေးမှုရဲ့ လမ်းဆုံးတစ်ခုပေါ့...။

 ဗြောင်းဆန် ပြီးတဲ့ နောက်တော့
ငါတောင်းပန်မနေချင်တော့ပါဘူး...
နင့်ဘက်ကအကြောင်းပြန်ချက်ကိုလဲ
နားမထောင်ချင်တော့ပါဘူး...။

ငါမှားခဲ့တယ်ဆိုတာထက်ပို
မိုက်ရူးရဲဆန်ခဲ့တာပါ..
ငါချစ်ခဲ့တယ်ဆိုတာထက်ကို
နှစ်မွန်းလွန်ခဲ့တာပါ...။

ပြင်မရတဲ့ ဇာတ်
ငါ အထပ်ထပ်ဆင်ဆာမဖြတ်ချင်တော့ဘူး...
မပြတ်နိုင်တဲ့ ကြိုး
အဆက်မပြတ်ဖြတ်ဖို့ မကြိုးစားချင်တော့ဘူး...။

နောင်တဆိုတာ နှောင်မှတရစမြဲမို့ 
နှောင်းမှရတဲ့ ငါ့နောင်တအတွက်
ချောင်ကျကျနေရာမှာ
အမှောင်ကျချိန်ကိုစောင့်
ထောင်ကျသလိုခံစားချက်နဲ့ 
နောင်တဆိုတဲ့ စကားလုံး
တနုံ့ နုံ့ နဲ့ ခံစား..
တရှုံ့ ရှုံ့ နဲ့ ငိုကြွေးခဲ့ရဖူးသူပါ.....။

ကျောခိုင်းပြီးရင်
လှည့်မကြည့်တတ်တဲ့ ငါ..
ရွေးချယ်ခဲ့တဲ့ လမ်းဟောင်း
အဆိုးအကောင်းအကျိုးအကြောင်း
ငါ.. ခေါင်းထဲကထုတ်..
အပူရုပ်သက်သက်နဲ့ 
ငါဆက်လျှောက်ခဲ့တယ်....။

ငါမှားခဲ့တာအတွက်
ထားသွားခံရတယ်.
ငါသတ်ခဲ့မိတာအတွက်
နှိုင်းဆမရတဲ့ အရှက်နဲ့ ဂုဏ်သိက္ခာ
နလန်မထူနိုင်အောင်ပြန်အသတ်ခံရတယ်...
ဒါဝဋ်လည်တယ်ဆို.. ငါဝဋ်ကြွေးကျေပြီပေါ့....။

မျက်စိတစ်ဖက်အတွက်မျက်စိ
သွားတစ်ချောင်းအတွက် သွား
ဆိုတဲ့ ဥပဒေ..
ငါနဲ့ ကျမှ
နှလုံးသားတစ်စုံအတွက်
ဘ၀ကို တစ်ဖုံ
ပုံအောလိုက်ရတာ..
သိပ်တော့လဲမတရားဘူးပေါ့.....။

အရိပ်ဆိုတာ အလင်းထွက်မှရှိတတ်ပေမယ့်
ငါ့ဘ၀ရဲ့ အမှောင်နေ့ ရက်တွေမှာ
အရိပ်တွေက အတိတ်ရဲ့ ကိုယ်စား
နောက်က လိုက်လို့ ...
ငါ့စိတ်ကိုကြောက်လန့် အောင်
ခြောက်လှန့် နေကြတယ်လေ......။

ငါယူခဲ့တဲ့ အကြွေး
နင့်အပေါ်ငါတင်ခဲ့တဲ့ အကြွေး
အတိုးရောအရင်းပါ
ချေပြီးပြီမို့ 
ငါ့အပေါ်ထားတဲ့ နင့်အမျက်
ပြေလောက်ပြီလို့ ငါယူဆတယ်...။

ငါကျူးလွန်မိတဲ့ အပြစ်အတွက်
ထိုက်သင့်တာထက်ပို
ငါပြန်ခံပြီးပြီမို့ 
ရှင်းစရာစာရင်း မကျန်တော့ပြီလို့ 
ငါယုံကြည်တယ်....။

ဒါ့ကြောင့်
ငါ့ကိုအောက်လမ်းနည်းတွေနဲ့ 
မထောက်လှမ်းချင်ပါနဲ့ ...
ကျိန်စာတွေလဲမတိုက်ပါနဲ့ ...
ဘ၀ကို အလိုက်အထိုက်နေတတ်သူမဟုတ်လို့ 
အထိုက်အလျောက်ရခဲ့တဲ့ ပျော်ရွှင်မှုတွေ
နင်.. အဆိပ်မခတ်ချင်ပါနဲ့ ....။

ဆပ်စရာအကြွေး
ကျေခဲ့ပြီးပြီမို့ 
အကြွေးရှင်မဟုတ်တော့တဲ့ နင့်အကြောင်း
ငါ မတွေးချင်တော့တာကိုတော့
နင်.. နားလည်ပေးပါ....။

အမုန်းတရားတွေဖက်တွယ်..
အရှုံးတွေ မပစ်ပယ်နိုင်ရင်
အပြုံးစစ်တွေလဲ ဆုံးတော့မှာမို့ 
အမုန်းရဲ့ ကျေးကျွန်ဘ၀မှရုန်းထွက်..
အပြုံးတွေဝေနေတဲ့ ဘ၀သို့ ကူးခတ်နိုင်ပါစေ.....။

2 comments:

စံပယ်ချို said...

နောင်တဆိုတာ နှောင်မှတရစမြဲမို့ 
နှောင်းမှရတဲ့ ငါ့နောင်တအတွက်
ချောင်ကျကျနေရာမှာ
အမှောင်ကျချိန်ကိုစောင့်
ထောင်ကျသလိုခံစားချက်နဲ့ 
နောင်တဆိုတဲ့ စကားလုံး
တနုံ့ နုံ့ နဲ့ ခံစား..
တရှုံ့ ရှုံ့ နဲ့ ငိုကြွေးခဲ့ရဖူးသူပါ----

အမုန်းတရားတွေဖက်တွယ်.. အရှုံးတွေ မပစ်ပယ်နိုင်ရင် အပြုံးစစ်တွေလဲ ဆုံးတော့မှာမို့  အမုန်းရဲ့ ကျေးကျွန်ဘ၀မှရုန်းထွက်.. အပြုံးတွေဝေနေတဲ့ ဘ၀သို့ ကူးခတ်နိုင်ပါစေ.-----
ညီမလေးရေ ကဗျာရှည်လေးကိုရင်ဘတ်နဲ့ခံစားဖတ်ခဲ့
ပါတယ် စ-လယ်-ဆုံးထိအောင်ကောင်းလှပါတယ်
အပေါ်ကနှစ်ပိုဒ်ကိုတော့စာလုံးလေးတွေသုံးထားတာ
အကြိုက်ဆုံးပါပဲ
ချစ်တဲ့ jasmine

အိပ်မက်ကောင်းကင် said...

အလည်လာရင်း ကဗျာလေးကို
ခံစားသွားတယ်နော်