Friday 14 September 2012

မရည်ရွယ်ခဲ့ပါ...

အသားနာမှ
အားနာတယ်ဆိုတဲ့ စကား
ငါ့အပေါ်ထားရကောင်းမှန်း
နင် နားလည်ပြီမလား....

ကိုယ်ချင်းစာတယ်တဲ့ လား...
လိုချင်တာ အကုန်ယူ
ငါ့အတွက် အပိုတစ်ခုတောင်မချန်
အကုန်လုယူခဲ့ပြီးမှ
ဆွတ်ခဲ့တာမဟုတ်ပါဘူး
သူ့ ဟာသူ ညွတ်လာတာပါတဲ့ .....

ထားလိုက်ပါလေ....
ငါ့အမှားကြောင့် ငါအထားခံရတယ်လို့ 
ငါ့ကိုယ်ငါ နှစ်သိမ့်ခဲ့တယ်...
သွေးထဲထိ စိမ့်ဝင်နေတဲ့ 
နာကြည်းချက်တွေလဲ ထကြွမလာအောင်
ငါ ချော့သိပ်ခဲ့တယ်...။

ငါက အတုယူတယ်ဆိုပြီး
တီကောင်ဆားပက်သလို
နင်တွန့် တိုနေခဲ့တာ...
အခုတော့ နားလည်ပြီပေါ့နော်....
နင်လုယူခဲ့တုန်းက
ငါ့အသည်းနှလုံး ထုချေသလို
ကွဲအက်သွားခဲ့တာ.....။

ငါမခိုးပါဘူး....
နည်းနည်းလေးအတုယူမိတယ်လို့ တော့ 
သုံးနှုန်းချင်တယ်...
ငါ ဆုံးရှုံးခဲ့တာတွေအတွက်...
အတုန်းအရုန်းလဲခဲ့တာတွေအတွက်
ကြွေးဆုံးပြန်ရတယ်လို့ လဲ
ငါ ခိုင်းနှိုင်းချင်တယ်...။

ဒါပေမယ့်....
ဒါ ဇာတ်လမ်းတစ်ပုဒ်လုံးအတွက်
တန်ရာတန်ကြေးတော့မဟုတ်ခဲ့ဘူးနော်...
ဇာတ်ဝင်ခန်းတစ်ခုအတွက်
ထိုက်သင့်တဲ့ နစ်နာကြေး....။

တစ်ခုတော့ဝန်ခံမယ်...
ဒါ ငါခြယ်သခဲ့တဲ့ ပန်းချီကားတစ်ချပ်မဟုတ်သလို...
ထိ ပါစေလို့ ရည်ရွယ်ပြီး ပစ်လိုက်တဲ့မြားမဟုတ်လို့ ..
နင် အငိုက်မိချိန် အရှိုက်တည့်တည့် ထိသွားရင်လဲ..
ငါ အကဲစမ်းပြီး တပွဲတလမ်း နွှဲတာမဟုတ်တာတော့
နင့်ကို နားလည်စေချင်တယ်.....။

5 comments:

မိုးနတ်ကြယ်စင် said...

ဒါပေမယ့်....
ဒါ ဇာတ်လမ်းတစ်ပုဒ်လုံးအတွက်
တန်ရာတန်ကြေးတော့မဟုတ်ခဲ့ဘူးနော်...
ဇာတ်ဝင်ခန်းတစ်ခုအတွက်
ထိုက်သင့်တဲ့ နစ်နာကြေး....။

တစ်ခုတော့ဝန်ခံမယ်...
ဒါ ငါခြယ်သခဲ့တဲ့ ပန်းချီကားတစ်ချပ်မဟုတ်သလို...
ထိ ပါစေလို့ ရည်ရွယ်ပြီး ပစ်လိုက်တဲ့မြားမဟုတ်လို့ ..
နင် အငိုက်မိချိန် အရှိုက်တည့်တည့် ထိသွားရင်လဲ..
ငါ အကဲစမ်းပြီး တပွဲတလမ်း နွှဲတာမဟုတ်တာတော့
နင့်ကို နားလည်စေချင်တယ်.....။

စာသားလေးတွေကြိုက်တယ်.....အားပေးသွားတယ်နာ်.....ဆက်လက်ထုဆစ်နိုင်ပါစေ..
ခင်မင်နေတဲ့...မိုးနတ်...

Yoemyaykya said...

အိုဒီကဗျာလေးကလဲစာသားတွေက သိပ်သိပ်မိုက်။
ထိပါစေလို့ရည်ရွယ်ပစ်တာမဟုတ်ပေမယ့် အငိုက်မိချိန်အရှိုက်မိသွားခဲ့တယ်လား

လွင်ပြင်လှိုင်းငယ် said...

ကဗျာက တစ်ပုဒ်လုံးအရမ်းကောင်းတယ် ။

အိပ်မက်ကောင်းကင် said...

ဟာ မမချင်းမလေး
ကအရေးအသားတော်တော် ကောင်းလာပါလား
တင်စားထားပုံလေးတွေကလည်း အတုယူစရာကောင်းလှပါဘိ
သည်ကဗျာလေးထဲက စာသားတွေအတိုင်း ကောင်မလေးကိုသွားပြောလိုက်ရင် ကောင်မလေး တစ်ခါတည်း ဟက်ထိသွားလောက်တယ် သွားပြောကြည့်မှ ဟိ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

အသားနာမှ အားနာတတ်တဲ့သူ------
တော်သေးတယ် အသားနာတာကိစ္စမရှိဘူးလေ
အသဲမနာစေနဲ့ အဲတာအရေးကြီးတယ်
ချစ်တဲ့ jasmine