Thursday 6 December 2012

ငါ.... (၂)

ငါဆိုတာ....
စိတ်အစဉ်က တောင်တန်းတွေလို..
မြင့်လိုက် နိမ့်လိုက်နဲ့ ..
တခါတခါ မိုးထိရောက်ပြီး..
အရှိန်အဟုန်ပြင်းစွာ အ၀ီဇိတွင်းထိ
ထိုးဆိုက်တတ်သူ....။

ငါဆိုတာ....
ဆူးမဲ့ ပန်း ပေမယ့်..
ရန်သူလာရင်တော့..
အဆိပ်ငွေ့ ထုတ်လွှတ်တတ်သူပေါ့...

ငါဆိုတာ...
မာနတွေ ဆွတ်ဖျန်းပေမယ့်..
ပင်ကိုယ်သိမ်ငယ်ခြင်း ကိုယ်သင်းရနံ့ 
တထောင်းထောင်းထ နေသူပေါ့...

ငါဆိုတာ....
ကဗျာဆရာမဟုတ်ပေမယ့်
ကဗျာ တွေရေးသူ..
အဆိုတော် မဟုတ်ပေမယ့်
သီချင်းဆိုသူ...
အသည်းကွဲဆရာမကြီး မဟုတ်ပေမယ့်..
အသည်းခဏခဏကွဲဖူးသူပေါ့....

ငါဆိုတာ....
ချစ်သူ ခင်သူခပ်ရှားရှား ဘ၀မှာ
အထီးကျန်ခြင်း နဲ့ သာ
မိတ်ဆွေဖွဲ့ တတ်သူပေါ့....

ငါဆိုတာ....
ခံစားမှု ကိုအနှစ်ချုပ်..
စာအုပ်အဖြစ်ထုတ်ပြီး..
ဒဏ်ရာဟောင်းကို ချုပ်ချင်သူပေါ့...

ငါဆိုတာ...
 သားကောင်လား.. မုဆိုးလား..
ကိုယ့်ကိုယ်ကို မခွဲခြားနိုင်ခင်..
ပြန်အမဲလိုက်ခံရသူပေါ့...

ငါဆိုတာ...
ရင်ထဲမှာ ပန်းတစ်ကြိမ်ဖူးပွင့်တိုင်း..
အကြိမ်တရာမက ဆူးစူးခဲ့ဖူးသူ...

ငါဆိုတာ....
မင်းလွှင့်ပစ်ခဲ့တဲ့ မျှော်လင့်ခြင်းတွေကို..
ဟိုတစဒီတစ လိုက်ကောက်ရင်း
ရင်ဘတ်ထဲထည့်သိမ်း..
အသက်ဆက်ရသူပါ...

ငါဆိုတာ....
၂၁ ရာစုနဲ့ ခပ်လှမ်းလှမ်း..
၁၉ရာစု ရဲ့ လက်ကျန်..
ခပ်နွမ်းနွမ်း ခေတ်ဟောင်းသမီးပျိုပေါ့....

ငါဆိုတာ....
ရင်ဘတ်ကို သံမှိုရိုက်ခံရလိုက်...
အနုတ်ခံရလိုက်နဲ့  သွေးထွက်နေတဲ့ ရင်တစ်စုံနဲ့ ..
ခုံမင်စရာမကောင်းတဲ့ ဘ၀ကို
ထုံကျဉ်နေခဲ့သူပေါ့...

တကယ်ဆို....
ငါဆိုတာဟာလေ....
မင်းရဲ့ စကားတစ်ခွန်းနဲ့ တင်...
တနေ့ တည်းမှာ ကောင်းကင်ဘုံနဲ့ ငရဲ..
အသွားအပြန် လုပ်နေတတ်သူပါကွာ.....။

5 comments:

စံပယ်ချို said...

ချင်းမလေးရေ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာလေးလေ
(ငါဆိုတာ....
ကဗျာဆရာမဟုတ်ပေမယ့်
ကဗျာ တွေရေးသူ..
အဆိုတော် မဟုတ်ပေမယ့်
သီချင်းဆိုသူ...
အသည်းကွဲဆရာမကြီး မဟုတ်ပေမယ့်..
အသည်းခဏခဏကွဲဖူးသူပေါ့)))))))))))
ဘုရားသခင်ကောင်းချီးပေးပါစေ

လွင်ပြင်လှိုင်းငယ် said...

ငါဆိုတာ....
ရင်ဘတ်ကို သံမှိုရိုက်ခံရလိုက်...
အနုတ်ခံရလိုက်နဲ့  သွေးထွက်နေတဲ့ ရင်တစ်စုံနဲ့ ..
ခုံမင်စရာမကောင်းတဲ့ ဘ၀ကို
ထုံကျဉ်နေခဲ့သူပေါ့...

ချင်းမလေး ကဗျာတွေက တကယ့်ကိုကောင်းတယ် ။

ညီလင်းနိုင် said...

သိမ်ငယ်ခြင်း ကိုယ်သင်းရနံ့ 

စကားလုံးအားထုတ်မှုတွေ မြင်တွေ့ခဲ့ရပါတယ် ။

ကဗျာတွေ အများကြီး ဆက်လက်ထုဆစ်နိုင်ပါစေ

ညီမလေး ။

Yoemyaykya said...

သိမ်ငယ်ခြင်းကိုယ်သင်းရနံ့က ဘာလေးနဲ့ ဆင်တူလဲမမ။ ရင်မှာ ပန်းတစ်ကြိမ်ဖူးပွင့်တိုင်း အကြိမ်တစ်ရာမကဆူးစူးတယ်လား။ မိုက်တယ်ကွာစာသားတွေက။ ကောင်းကင်ဘုံနဲ့ ငရဲလဲ အသွားအပြန်လုပ်ရတာပဲနော်အဲဒီအချစ်ကြီးကြောင့်။မမ ဖေ့ဘုတ်အကောင့်ရှိရင်သိချင်ပါတယ်။

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲမမချင်းမလေးရေ
အသည်းကွဲဆရာမကြီး မဟုတ်ပေမယ့်..
အသည်းခဏခဏကွဲဖူးသူပေါ့.... ဆိုတော့
အသည်းခဏခဏကွဲဖူးသူပေါ့ မမချင်းမလေးက (စတာနော်ချိတ်ချိုးရဘူးနော်)
"ရင်ဘတ်ကို သံမှိုရိုက်ခံရလိုက်...
အနုတ်ခံရလိုက်နဲ့  သွေးထွက်နေတဲ့ ရင်တစ်စုံနဲ့ ..
ခုံမင်စရာမကောင်းတဲ့ ဘ၀ကို
ထုံကျဉ်နေခဲ့သူပေါ့.."
သည်စာပိုဒ်လေးကိုလည်းအရမ်းကြိုက်တယ်
ခင်တဲ့(အိပ်မက်ကောင်းကင်)