Friday 19 October 2012
မဖိတ်ပဲလာတဲ့ဧည့်သည်...
ရင်ထဲရှင်းဖို့ ..
နောင်တတွေရှင်းထုတ်..
အမှားတွေခင်းကျင်းပြသခဲ့တာ...
ပွဲခင်းထဲက ဖျာလို..
နင်းခြေပစ်ခံဖို့ မှ မဟုတ်တာ.....
အရစ်ရစ်နဲ့ အထပ်ထပ်ကျခဲ့တဲ့ ..
ခံစားမှုအနည်တွေ
ခဲတစ်လုံးနဲ့ ပယ်ပယ်နှယ်နှယ်ပစ်ပေါက်မှတော့...
တည်ငြိမ်နေတဲ့ စိတ်အခြေအနည်ထ....
လှိုင်းဂယက်တွေ ဖြာထွက်ခဲ့တာ...
အဆန်းမှ မဟုတ်တာ.....
လေပြေညှင်းတွေရင်ထဲတိုးဝှေ့ ..
ဟိုး တစ်ကွေ့ က သံယောဇဉ်..
ဝိုးတ၀ါး ကိုဖမ်းဆုတ်ဖို့ ...
ငါ့ခြေလှမ်းတွေ လှမ်းဖို့ အားထုတ်ခါမှ...
အမာရွတ်ကို ခြေရာခံ...
အနာဟောင်းကိုမြေလှန်ရှာ..
မုန်တိုင်းတွေ တရစပ်တိုက်ခတ်မှတော့...
နာဂစ်အပေါ် ငါနာကစ်သွားခဲ့တာ...
ငါ့အမှားပဲလား......
စကားလုံးတွေကြမ်းကျွံ..
ငါ့နှလုံးသားထဲစူးဝင်နှစ်မြှုပ်ပြီးတော့မှ...
မေ့ဆေးမပါ အစိမ်းသက်သက်ဓါးနဲ့ ခွဲထုတ်..
နှလုံးသား တစ်ပိုင်းတစ်စ ဆွဲနုတ်မှတော့...
ငါ သည်းသည်းလှုပ်နာပြခဲ့တာ...
မဖိတ်ခေါ်ပဲနင်လာခဲ့သလို...
မနှင်ခင် ပြန်ထွက်သွားပါ..
ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်..
ထင်ရာစိုင်းရအောင်...
ငါ့နှလုံးသားက...
လူတွေကျိတ်ကျိတ်တိုးတဲ့ ..
ရပ်ကွက်ထဲက အလှူအိမ်မဟုတ်ဘူး....။
4 comments:
Yoemyaykya said...
မုန်တိုင်းတွေ တရစပ်တိုက်ခတ်မှတော့...
နာဂစ်အပေါ် ငါနာကစ်သွားခဲ့တာ...
ငါ့အမှားပဲလား...
ဘုရားဘုရား နာဂစ်ဆိုပါလား.။မမှားပါဘူး။ဆက်ပေါက်ကွဲပါ။
ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်..
ထင်ရာစိုင်းရအောင်...
ငါ့နှလုံးသားက...
လူတွေကျိတ်ကျိတ်တိုးတဲ့ ..
ရပ်ကွက်ထဲက အလှူအိမ်မဟုတ်ဘူး....။
ဟုတ်ပ။အလှူအိမ်မဟုတ်ဘူးနော့။ဒါမျိုးလာမစမ်းနဲ့။ bobby soxer နဲ့တွေ့သွားမယ်။
စံပယ်ချို said...
ချင်းမလေးရေ စာသားလေးတွေကောင်းလိုက်တာနော် ကဗျာကောင်းလေးပါကွယ်
စကားလုံးတွေကြမ်းကျွံ..
ငါ့နှလုံးသားထဲစူးဝင်နှစ်မြှုပ်ပြီးတော့မှ...
မေ့ဆေးမပါ အစိမ်းသက်သက်ဓါးနဲ့ ခွဲထုတ်..
နှလုံးသား တစ်ပိုင်းတစ်စ ဆွဲနုတ်မှတော့-------
ခံစားလျှက်
ချစ်တဲ့ sis jasmine
ညီလင်းနိုင် said...
အားမာန်ပါတဲ့
ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့တယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
လွင်ပြင်လှိုင်းငယ် said...
စကားလုံးတွေကြမ်းကျွံ..
ငါ့နှလုံးသားထဲစူးဝင်နှစ်မြှုပ်ပြီးတော့မှ...
မေ့ဆေးမပါ အစိမ်းသက်သက်ဓါးနဲ့ ခွဲထုတ်..
နှလုံးသား တစ်ပိုင်းတစ်စ ဆွဲနုတ်မှတော့...
ငါ သည်းသည်းလှုပ်နာပြခဲ့တာ...
လွန်တယ်လို့ မသတ်မှတ်ပါနဲ့ .....
ကဗျာကောင်းလေးအတွက် ကျေးဇူးပါ