Tuesday, 29 May 2012
သူ... မသိသော....
 ငါ့ဘ၀ထဲကအပြီးအပိုင်
နင်ထွက်သွားတဲ့ နေ့ 
အဲ့ဒီနေ့ ကမိုးမရွာခဲ့ဘူး...
ငါ့ရင်ထဲမှာသာမျက်ရည်မိုးတွေ
ရွာနေခဲ့တယ်ဆိုတာ
ငါ့နှလုံးသားလေးပဲသိတယ်
နင်မသိခဲ့ဘူးလေ.....။
ငါတို့ ထိုင်နေကျကန်ဘောင်မှာ
ငါနေ့ တိုင်းရှိုက်ကြီးတငင်ငိုနေခဲ့တာ
ခုံတန်းလေးပဲသိတယ်
နင်မသိခဲ့ဘူးလေ.....။
ကြယ်ကြွေတိုင်းနင်ပြန်လာအောင်
ဆုတောင်းခဲ့တာ
ကြယ်လေးတွေပဲသိတယ်
နင်မသိခဲ့ဘူးလေ.....။
နင့်အကြောင်းရေးရင်း
ငါငိုကြွေးနေတာ
ဒိုင်ယာရီစာအုပ်လေးပဲသိတယ်
နင်မသိခဲ့ဘူးလေ......။
နင့်ကိုလွမ်းတိုင်း
နင့်ဓါတ်ပုံလေးကြည့်ရင်း
အလွမ်းဖြေနေတတ်တာ
ဓါတ်ပုံလေးပဲသိတယ်
နင်မသိခဲ့ဘူးလေ......။
နင်မသိတဲ့ အရာ
နင်သိလာအောင်
ငါဘယ်တော့မှ ထုတ်ပြောမှာမဟုတ်သလို
နင်မလိုချင်တဲ့ အချစ်
နင်မြင်အောင်
ဘယ်တော့မှ ထုတ်ပြမှာမဟုတ်ဘူးဆိုတာ
နင်ကိုတော့ သိစေချင်တယ်....။
Thursday, 17 May 2012
အတိတ်ကအိပ်မက်
ငါရူးမိုက်စွာ
ဖမ်းဆုပ်ခဲ့တဲ့ 
လက်တစ်စုံ....
ငါမူးမိုက်စွာ
ရင်ခုန်ခဲ့တဲ့ 
မျက်ဝန်းအကြည့်...
ငါတမ်းတကာ
လွမ်းဆွတ်ခဲ့တဲ့ 
နှုတ်ခမ်း....
တောင့်တလိုက်တိုင်း
ပြောခဲ့ဖူးတဲ့
ချစ်စကားလေး....
အားငယ်တိုင်း
နှစ်သိမ့်တတ်ခဲ့တဲ့ 
အပြုံး....
ဝမ်းနည်းတိုင်း
တိုးဝင်ခဲ့ဖူးတဲ့ 
ရင်ခွင်....
မောပန်းတိုင်း
မှီခဲ့ဖူးတဲ့ 
ပုခုံး....
စိတ်ကူးထဲက
မင်းနဲ့တို့ နှစ်ယောက်ရဲ့ 
ချစ်ကမ္ဘာလေးတစ်ခု..
အခုတော့.....
ငါမပိုင်ဆိုင်တော့ပါလား.....။
Sunday, 6 May 2012
ကျွန်မရဲ့ အမှတ်ရစရာအဖြစ်အပျက်တစ်ခု
ကျွန်မ ဆိုတာ ဘယ်သူလဲလို့ "ကျွန်မအကြောင်းတစေ့တစောင်း" ထဲမှာရေးခဲ့ဖူးပါတယ်။
အဲ့ဒီ စာလေးကိုဖတ်မိတဲ့ သူတွေတော့ သိကောင်းသိကြမှာပါ...။အထူးတလည်ထပ်ပြောစ
 ရာမလိုတော့ဘူးလို့ လဲထင်ပါတယ်..။
အခုကျွန်မ ရေးချင်တဲ့ အကြောင်းအရာက ကျွန်မရဲ့ မကြာသေးမီကမှ ထွက်လိုက်တဲ့ အလုပ်
အကြောင်းပါ.။
 ဆေးဝါးဘွဲ့ နဲ့ ကျောင်းပြီးခဲ့တဲ့ ကျွန်မဟာ ရန်ကုန်မြို့ မှာ စစချင်းပိုင်းမှာဖွင့်ထားတဲ့ ဆေးခန်း
(အခုတော့ ဆေးရုံဖြစ်သွားပါပြီ)မှာ ၃နှစ်တာ ကာလ ပတ်လုံး အလုပ်လုပ်ခဲ့ပါတယ်။သူများတွေ
 လိုလျှောက်သွားပြီးဆရာဝန်တွေနဲ့ တွေ့ ရမှာ ကိုမနှစ်သက်တဲ့ ကျွန်မ အတွက်တော့ ဒီအလုပ်
 ဟာခြေငြိမ်ပြီး အေးအေးဆေးဆေးလုပ်ရလို့ သဘောကျခဲ့ပါတယ်။
 အိမ်က မိဘတွေက ထွက်ပြီး တခြားအလုပ်ရှာပါလို့ ပြောခဲ့ပေမယ့် အလုပ်အပေါ်သံယောဇဉ်
 တွယ်နေပြီမို့  ကျွန်မ မထွက်ဖြစ်ခဲ့ပါဘူး။၃နှစ်ဆိုတဲ့ အချိန် ရောက်လုနီးနီးမှာ ကျွန်မအတွက်
 ကျွန်မတို့ ဆေးရုံမှာ ဆေးရုံတက်လူနာတွေလဲအများကြီးရှိတယ်.။အဲ့လူနာတွေအတွက် nurse aid
 တွေက စာအုပ်နဲ့ ဆေးအမြဲလာဝယ်ပေးရတယ်..။အဲ့ဒီအပိုင်းမှာ ကျွန်မ က တာဝန်ယူရပါတယ်။
 ကျွန်မထက် senior ကျတဲ့ အကိုအမတွေက OPD ဘက်မှာတာဝန်ယူပြီး ကျွန်မနဲ့ Junior နှစ်ယောက်
 က Ward ထဲ က လာတဲ့ ဆေးတွေကို တာဝန်ယူထုတ်ပေးရတယ်လေ။လူနာတွေသုံးတဲ့ ဆေးကို စာအုပ်
 နဲ့ ကျွန်မက အမြဲ ရေးမှတ်ပြီး.. ကျွန်မရဲ့ Junior နှစ်ယောက်က တော့ အလှည့်ကျ စီ ထုတ်ပေးရတာပေါ့.။
  တစ်နေ့ မှာတော့...............
 ထုံးစံအတိုင်းပဲ စာအုပ်နဲ့ လာထုတ်လို့ ကျွန်မ ရေးနေတုန်း junior ကောင်မလေးက ဆေးထုတ်ပေးတယ်.။
  ကျွန်မဆီရောက်တဲ့ အချိန်ထိအမှန်ပါပဲ.. သူ့ ဆီရောက်သွားမှ ဆေးကိုမှားပြီးပေးလိုက်တယ်။ပြသနာက  
 အဲ့ဒီက စတာပါပဲ။လက်မှတ်ထိုးတာက ကျွန်မ လေ။(လက်မှတ်ထိုးတာကလဲကျွန်မ ပဲလုပ်ပေးရတာပါ။
 ဘာလို့ လဲဆိုတော့ သူတို့ က ရောက်တာ သိပ်မကြာသေးတော့ လက်မှတ်မထိုးရဲကြဘူး။ကျွန်မပဲဒိုင်ခံထိုး
 ပေးခဲ့တာ။ယုံကြည်တာလဲပါတာပေါ့နော်.မှားလားမှန်လားမစစ်တော့ပဲထိုးပေးလိုက်တာ။မစစ်ဘူးဆိုတာ
 ကလဲ လူနာတအားကျလို့ အချိန်မှီထုတ်ဖို့ တောင်မှ အနိုင်နိုင်ဆိုတော့ မစစ်တော့ ပဲသူတို့ ပေးတဲ့ အ
 တိုင်းပဲပေးလိုက်ရတာ။.)
 အဲ့ဒီမှာ ပြသနာ က ဆေးရုံအုပ်ထိရောက်သွားပါတော့တယ်။ကျွန်မတို့ ဘောစိက ကျွန်မကိုဆေးရုံအုပ်နဲ့ 
 တွေ့ ဖို့ ပြောတယ်။ကျွန်မ အပြစ်မှမဟုတ်တာ.. ကျွန်မ မှားတာမှမဟုတ်တာလို့ ပြောပေမယ့် ဘောစိက
 မင်းလက်မှတ်ထိုးထားတဲ့ အရာ မင်းတာဝန်ယူရမယ်လို့ ယတိပြတ် ကျွန်မကို ပြောလိုက်တယ်လေ.။
 ကျွန်မ ၀မ်းနည်းသွားတယ်.။ကျွန်မ မမှားမှန်းလဲ သူသိနေတာပဲ.."သမီးမမှားမှန်းသိပါတယ်.ဒါပေမယ့်
 သမီးလက်မှတ်ထိုးတဲ့ ကိစ္စမို့ သမီးလဲတာဝန်တော့ မကင်းဘူးပေါ့" လို့ ပြောရင် ကျွန်မ ခံနိုင်ပါသေးတယ်။
 အဲ့ဒီလိုနဲ့ မတတ်နိုင်ဘူးလေ.. ကျွန်မက မဆင်မခြင်လက်မှတ်ထိုးလိုက်မိတာကိုးးး...လို့ ပဲကိုယ့်ကိုယ်ကို
 အပြစ်တင်လိုက်မိတယ်..။
 ဆေးရုံအုပ်ကိုသွားတွေ့ မယ့် နေ့ မှာ ကျွန်မရဲ့ senior ယောက်ျားလေးတယောက်က လာပြီးတော့ ကျွန်မ
 ကိုဆေးရုံအုပ်နဲ့ တွေ့ရင် ပြောမယ့်စကားတွေလာသင်ပေးနေပြန်တယ်လေ။
 " သမီးက ရေးတယ်လို့ ပြော... သမီး ပါးစပ်နဲ့ ပြောလိုက်တာ ကိုဟိုတယောက်က နားကြားမှားလို့ ဆေး
 မှားသွားပါတယ်လို့ ပြော " ဆိုပြီးကျွန်မကို လာသင်ပေးနေတယ်..။ကျွန်မ ထူပူသွားတယ်..။ဒါဘာကြီးလဲ။
 အဲ့လိုပြောရင် ကျွန်မ အပြစ်လုံးလုံးဖြစ်သွားပြီပေါ့.။ဒါ ဘာလုပ်နေကြတာလဲ... ကျွန်မ ကိုအဆုံးစွန်ထိ
 ချောက်ထဲ တွန်းချကြတာလား....။
 ကျွန်မနောက်ထပ် တစ်ခေါက် ထပ်ပြီးဝမ်းနည်းသွားရပြန်ပါတယ်။စိတ်လဲနာတယ်။ ဘာလို့ များလက်မှတ်
 ကလေးထိုးတဲ့ ကိစ္စနဲ့ ကျွန်မကို လုံးလုံး တရားခံဖြစ်အောင် လုပ်နေကြတာလဲလို့ လဲ တွေးပြီး ၀မ်းနည်း
 စိတ်တွေ ရင်မှာ တလိပ်လိပ်နဲ့ တက်လာတယ်။အလုပ်မှာရှိတဲ့ လူတွေအားလုံးရော .. Nurse တွေအားလုံး
 ရော ကျွန်မ မမှားမှန်းသိကြတယ်။ကျွန်မ ဘက်က ပါပေးကြတယ်.။ကျွန်မ ဘက်ဆိုတာထက် အမှန်တရား
 ဘက်လို့ ပြောရင်ပိုမှန်ပါလိမ့်မယ်..။
 အဲ့ဒီ ကျွန်မကို ဘယ်လိုပြောပါဆိုပြီးသင်ပေးတဲ့ တယောက်ကတော့ ဆေးမှားပေးတဲ့ တယောက်ကို သ
 ဘောကျနေတဲ့ တယောက်ပေါ့။
 အဲ့ဒီလိုနဲ့ ဆေးရုံအုပ်ကိုသွားတွေ့ ရပါတယ်..။ကျွန်မတို့ ကို နှစ်ခုပဲမေးတယ်။။ ဘယ်သူက ရေးတာလဲ..။
 ဘယ်သူက ထုတ်ပေးတာလဲ..။ ဘယ်သူ့ ဆီရောက်တဲ့ အချိန်ထိမှန်သေးလဲ.။ ဘယ်သူ့ ဆီရောက်မှ မှား
 သွားတာလဲဆိုပြီးတော့ပေါ့..။အဖြေက ရှင်းရှင်းလေးပါ..။အမှန်အတိုင်းပဲပြောလိုက်တယ်။
 အဲ့လိုနဲ့ ပြသနာပြီးသွားပြီလို့ ထင်ထားခဲ့ပေမယ့် မပြီးဆုံးသောပန်းချီကားတစ်ချပ်လိုပဲ... နောက်ဆက်တွဲ
 ထပ်ရှိနေသေးတယ်လေ။။ အဲ့ဒါကတော့ မှားပြီးပေးတဲ့ အတွက် ဒဏ်ငွေတဲ့ .. ၁သိန်းလား ၂သိန်းလား
 ကျွန်မ သေချာမသိဘူး.. လျော်ရမယ်တဲ့ လေ..။စတည်းက မမှားတဲ့ သူတယောက်ကို လက်မှတ်ထိုးလို့ ဆို
 တဲ့ ကိစ္စနဲ့ တာဝန်ယူရမယ်လို့ ပြောတာနဲ့ တင် ကျွန်မ တော်တော်လေး စိတ်ထိခိုက်ခဲ့ရပြီးပြီ။နောက်ထပ်
 တယောက်က ဘယ်လိုပြောပါဆိုပြီး ကျွန်မကို သတ်မယ့်နည်းလမ်းကို ကယ်မယ့်နည်းလမ်းလိုလိုနဲ့ သင်
 ပေးခဲ့တာလဲ တော်တော်လေးတရားလွန်လာပါပြီ.။ဒါနဲ့ မပြီးသေးပါဘူး.. ဒဏ်ငွေဆိုတာက ပါလာသေး
 တယ်။ မတရားကို လွန်နေပြီလို့ ထင်မိတယ်လေ။။
 အဲ့ဒီလိုနဲ့ ပဲကျွန်မ ၃နှစ်ကျော်ကာလအတွင်း မဆုံးဖြတ်နိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကပိုင်ပိုင်နိုင်နိုင်ချ
 လိုက်ပါတော့တယ်..။အ... လုပ်.... ထွက်....တော့....မယ်။ လို့ ပေါ့..............။
 လျော်စရာရှိတာ လျော်ပြီးထွက်လိုက်တော့ မယ်လို့ ကျွန်မ တို့ ဘောစိကိုပြောတဲ့ နေ့ မှာ ကျွန်မရဲ့ Junior
 က လျော်စရာရှိတာ သူလျော်ပေးပါ့မယ်တဲ့ .. ကျွန်မ လျော်ပါလို့ လဲမပြောဘူး. မလျော်နဲ့ လို့ လဲမပြော
 ခဲ့ဘူး။ဘောစိကိုတော့ လျော်ရမယ်ဆိုလဲ အချိန်ကျရင်လာပေးပါ့မယ်လို့ ပြောပြီး ကျွန်မ သဘောကျခဲ့တဲ့
 နေရာက အပြီးအပိုင်ထွက်လာခဲ့တယ်။
  ကျွန်မ မှားလား.... မှန်လား.... ကျွန်မ ကိုယ်တိုင်လဲ မသိနိုင်အောင်ပါပဲ... ဒါတွေ ဘာလို့ ကျွန်မအပေါ်
 ဖြစ်လာရတာလဲ... ဘာလို့ ကျွန်မ ဆီကိုမှဒီလိုပြသနာတွေဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ
 ကျွန်မ နားမလည်နိင်တော့ဘူး။ဒီကိစ္စဖြစ်ပြီးနောက်မှ လူတွေအကြောင်းကျွန်မ သိလာရတယ်။
 လူဆိုတာ အဲ့လိုဟာတွေကိုးလို့ ကျွန်မ သင်ခန်းစာရခဲ့တယ်။
 ဒီစာကို ကြုံလို့ ပဲဖြစ်ဖြစ်... တကူးတကပဲဖြစ်ဖြစ်... ဖတ်မိတဲ့ သူတွေရှိရင် ကျွန်မကို ပြောပေးကြပါဦး။
 ကျွန်မ မှားလား.. မှန်လား.... ဆိုတာကိုပေါ့...။
Sunday, 16 October 2011
ဆန္ဒ
စတည်းကလမ်းခွဲဖို့ 
ဟန်ပြင်နေတဲ့ လူတစ်ယောက်အဖို့ 
ငါ့လုပ်ရပ်တွေက
အကြောင်းပြချက်ကောင်းတစ်ခု
ဖြစ်မယ်လို့ ကြိုတွက်ထားပြီးသားပါ......။
ရှုပ်ရှုပ်ယှက်ယှက်နေတတ်တဲ့ 
မင်းအဖို့ အေးအေးဆေးဆေးနေတတ်တဲ့ ... ငါ
အေးတိအေးစက်ဖြစ်နေခဲ့မှာ
အသေအချာပါ.....။
မီးနဲ့ ရေလို ဆန့် ကျင်ဖက်နှစ်ခု
ပေါင်းစပ်ဖို့ ခက်ခဲမှန်းလဲ
တွက်ဆထားခဲ့ပြီးသားပါ....။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တတ်သလို
ရည်းစားဆိုတာ နှစ်ဦးသဘောတူမှဖြစ်တာမို့ 
မင်းမတွဲချင်တော့တဲ့ လက်တစ်စုံအတွက်
ငါရင်ကွဲခံပြီး
တွဲလက်ဖြုတ်ပေးခဲ့တာပါ.....။
တောင်းပန်ပါတယ် ဆိုတဲ့ 
စကားရဲ့ အဆုံးမှာ
ခွင့်လွှတ်ခြင်း၊မလွှတ်ခြင်းတွေ
မင်းမတွေးခဲ့သလို
ငါ့ဘက်ကလဲ ဥပက္ခာတွေနဲ့ မင်းကို
ဘေးမဲ့ပေးခဲ့တာပါ.....။
သစ္စာတရားနဲ့ မထိုက်တန်တဲ့ သူအဖို့ 
အရင်က ငါတို့ ထားခဲ့တဲ့ သစ္စာတွေအကြောင်း
ငါနောက်ကြောင်းမပြန်ဖြစ်တော့တာပါ......။
မင်းရဲ့ ဘ၀သစ်မှာအချစ်သစ်နဲ့ ပျော်နေသလို
ငါ့ကိုလဲအိပ်မက်ဆိုးကလွှတ်မြောက်ခွင့်ပေးပါ...
ငါမြှုပ်နှံခဲ့တဲ့  မင်းပါဝင်ခဲ့တဲ့ ငါ့ရဲ့ အတိတ်
ဘယ်တော့မှငါ့ရှေ့ မတူးဆွပါနဲ့ ...
မင်းစွန့် ပစ်ခဲ့တဲ့ ငါ့အကြောင်း
ဘယ်တော့မှမင်းနှုတ်ဖျားက မပွင့်အံလာပါစေနဲ့ ...........။
Sunday, 30 May 2010
ဆုံမှတ်မရှိတဲ့ကောင်းကင်
အနာဂါတ်ဆိုတာလဲစမ်းတ၀ါးဝါးနဲ့ 
ပန်းတိုင်မရှိတဲ့လမ်းကို
ငါတို့ အတူလျှောက်လှမ်းခဲ့ကြတာ...
ငါသတ်မှတ်တဲ့အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်း
နင်ယူဆတဲ့အချစ်ဆိုတာ
ပေးဆပ်နားလည်ပေးခြင်း
ငါ့သီအိုရီနဲ့ 
နင့်နိယာမနှစ်ခုကြား
ငါခေါင်းစားလို့ နေတယ်။
ငါကပေါင်းစပ်ဖို့ ကိုအလေးထားတယ်
နင်ကစွန့် လွှတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်
ငါကဆုပ်ကိုင်ထားချင်တယ်
နင်ကချစ်နေရရုံနဲ့ ကျေနပ်တယ်။
မတူညီတဲ့အယူအဆနဲ့ 
မရေရာတဲ့အနာဂါတ်အတွက်
မျဉ်းပြိုင်နှစ်ကြောင်းပေါ်
လျှောက်လှမ်းနေရသလို
ဆုံမှတ်မရှိတဲ့ကောင်းကင်ကို
မော့ကြည့်ရင်း မျှော်လင့်ချက်တွေ
ကင်းမဲ့လို့ လာတယ်.။
ကံကြမာရယ်...
ပေါင်းစပ်ခွင့်မပေးနိုင်ရင်
အစတည်းကဆုံတွေ့ ခွင့်လဲ
မပေးပါနဲ့ တော့လား...
အခုတော့
ခွဲခွါခြင်းဆိုတဲ့
မလွန်ဆန်နိုင်ပေမယ့်
တစ်နေ့ မှာရင်ဆိုင်ရမယ့်အရာတစ်ခုကို
ရင်တထိတ်ထိတ်နဲ့ စောင့်စားရင်း
ငါ့ရဲ့ မနက်ဖြန်များစွာကို
ကြောက်ရွံ့ နေတတ်ခဲ့ပြီလေ....။
Sunday, 2 May 2010
မျဉ်းပြိုင်
ဘ၀ကလဲခါးသက်သက်
အချစ်တွေကလဲပေါ့ပျက်ပျက်
ရာသီဥတုကလဲအိုက်စပ်စပ်
ငါ..ဆိုတဲ့မိန်းမကလဲ ခပ်ညံ့ညံ့
မာနဆိုတဲ့အရာတစ်ခု
ခ၀ါမချနိုင်ခဲ့လို့ 
လူသူမသိတဲ့စစ်ပွဲတစ်ပွဲ
အခါခါငါနွှဲခဲ့ရတယ်...။
အစစ်တွေကိုသာတန်ဖိုးထားတဲ့ငါက
အတုတွေကိုအစစ်လိုသဘောထား
အပြုံးအတုနဲ့ ဟန်လုပ်
ငါ က ပြခဲ့ရတယ်..။
တောင်းဆိုခြင်းမဟုတ်တဲ့
အမိန့် တစ်ခုနဲ့ 
ငါ နယ်နှင်ဒဏ်ပေးခံရတယ်...။
အထာပေးတာကို
အသာအေးဆေးပါလို့ 
မသိချင်ယောင်ဆောင်နိုင်ပေမယ့်
စိုက်ကြည့်တာကိုတော့
အလိုက်သိဖို့ 
ငါ.. လိုအပ်လို့ နေတယ်...။
စေတနာကိုစေတနာလို့ မထင်
နေရာတကာအပြစ်ရှာဖို့ ကြံ
သည်းခံတာကိုအကောင်းမထင်နဲ့
ငါလဲငါ့ပညာနဲ့ 
အောက်ကျနောက်ကျတော့မခံ
စေတနာတွေလမ်းဆုံးရောက်လို့ 
ဝေဒနာအဖြစ်ပြောင်းခဲ့ရင်
အပြစ်မယူစေချင်
စေတနာကိုအရင်းပြု
ဆောက်ခဲ့တဲ့အိမ်လေး
အတင်းအဖျင်းဆိုတဲ့(လေကြမ်း)
တိုက်ခတ်ခံရလို့ ပြိုကျသွားတဲ့အခါ
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်
ကပ်ဆိုက်ဖို့ လမ်းကြိုမြင်နေလို့ 
အသိအမှတ်မပြုချင်နေ
မစော်ကားမိစေဖို့ 
ငါ...နှလုံးသားအရင်းခံလို့ 
တောင်းဆိုချင်တယ်...။
Sunday, 7 March 2010
ရင်ကွဲနာ
သက်လုံကောင်းအောင်လေ့ကျင့်ထားတဲ
ကစားသမားတစ်ယောက်လို
အကြိမ်ကြိမ်ပြင်ဆင်မှုတွေလုပ်ထားရက်နဲ့ 
ငါ..... ရင်ဆိုင်အတွေ့ မှာ
တုန်လှုပ်ခြောက်ခြားမိနေတယ်......။
အိပ်မက်တစ်ခုလို့ ငါထင်ခဲ့တဲ့
အရာက တကယ့်အဖြစ်အပျက်ဆိုတာ
သိလိုက်ရချိန်မှာ
ငါ ဆို့ နင့်စွာခံစားခဲ့ရတယ်....။
အားလုံးပြီးဆုံးသွားပြီလား..
သေချာရေရာနေတဲ့ မေးခွန်းတစ်ခုကို
ငါ့ကိုယ်ငါအထပ်ထပ်မေးရင်း
နာကြည်းစွာခေါင်းယမ်းမိနေတယ်....။
ပြီးပါပြီ ဆိုတဲ့စာတန်းနောက်မှာ
ဆက်ရန်... မျှော် ဆိုတဲ့စာလုံး
မရှိနိုင်တော့မှန်းသိရက်နဲ့ 
ငါ မနာတမ်းရှာဖွေမိနေတယ်....။
ပျောက်သောသူရှာလျှင်တွေ့ 
သေသောသူကြာရင်မေ့ တဲ့
ငါ့နှလုံးသားမှာရှင်သန်နေသေးတဲ့
နင့်ကိုဘယ်အချိန်များမှမေ့ပစ်နိုင်မှာလဲလို့ 
ငါအခါခါတွေးရင်း မောပမ်းလို့ နေတယ်..။
တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းနဲ့
ရက်ရက်စက်စက် ထားပစ်ခဲ့တဲ့
နင့်ကျောပြင်ကို ငေးကြည့်ရင်း
ရင်တွင်းဝေဒနာတွေ ထပ်တိုးလို့ နေတယ်...။
ရင်ခွင်သစ်မှာပျော်မွေ့ နေရင်း
လမ်းတွေ့ ပြုံးပြ နှုတ်ဆက်နိုင်သေးတဲ့
နင့်အကြောင်း ငါတွေးတောနေရင်း
နွမ်းလျလို့ လာတယ်....။
ပြီးခဲ့ပါပြီ.....။
ကန့် လန့် ကာပိတ်၊မီးတွေမှိတ်လို့ 
ငါတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်း
ဇာတ်သိမ်းခန်းနဲ့ စာတန်းထိုးအပြီး
ငါဘာများ ဆက်လုပ်နိုင်ဦးမှာလဲ...
အစတည်းက နင်ထားရာနေ
နင်စေရာသွား.. ဘာမဆိုနင့်အမိန့် 
အောက်မှာရှင်သန်ခဲ့တဲ့ ငါ.....
အခုလဲနင်ထားခဲ့တဲ့နေရာလေးမှာ
နေခဲ့မှာပါ....
ရင်ထဲမှာမိုးတွေသည်းသည်းထန်ထန်
ရွာသွန်းရင်းနဲ့ ပေါ့.....။
ရောက်တတ်ရာရာခံစားရေးဖွဲ့ ထားပါသည်။