Thursday 25 October 2012

နှမြောတယ်...

မာနလေးပွန်းပဲ့ သွားလို့ 
ငါ မွန်းကျပ်နေခဲ့တာလား....
အထွန့် တက်လာတဲ့ နင့်စကားသံကြောင့်
ဒေါသ သံတွေစွန်းထင်းလာခဲ့တာလား...
သေချာတာတော့
ဒါ တွန်းအားတစ်ခုကြောင့်ပဲဆိုတာ...။


အားလုံးကိုအရှုံးပေးခဲ့တာ
အမုန်းတွေနဲ့ ငါမရှင်သန်ချင်လို့ ပါ...
ဒီထပ် ပိုပြီး အတုန်းအရုန်းဖြစ်ဖို့ 
အပြုံးတု တွေနဲ့ အဆုံးထိ
မတွန်းပို့ ချင်ပါနဲ့ ....။

တောင်းပန်တယ် ဆိုတိုင်းသာ
ငါ့ရင်တစ်ခြမ်းအကောင်းတိုင်ြး
ပန်ရမယ်ဆိုရင်လေ...
နင်ရောင်းစားပစ်ခဲ့တဲ့  ငါ့မာန တွေအတွက်
နင့်အပြစ်တွေကို အတိတ်ဟောင်းမှာ
ဆိတ်ငြိမ် စွာ ခေါင်းချစေခဲ့မိမှာပဲ...။

နင်ထားတတ်တဲ့  အာဃာတတွေ
ငါရော မထားတတ်ဘူးထင်လား...
အမုန်းဆိုတာရော ငါမသုံးတတ်ဘူးထင်လို့ လား...
နင့်လုပ်ရက်တွေအားလုံးအတွက်
ခွင့်လွှတ်ခြင်းဆိုတာ ငါ့အတွက်
လွယ်ကူတယ်လို့ များ ထင်နေလား....။

အရှင်လတ်လတ်ရှိသေးတဲ့ 
ငါ့အသည်းနှလုံး ထုတ်ယူစားသုံး
စုန်းစုန်းမြုပ်တော့မယ့် ငါ့ဘ၀ထဲက
မာနတွေကို ဖဲ့ခြွေလို့ ပဲ့ကြွေကျမှ
နင် အာသာပြေမယ်တဲ့ လား....။

ငါအားကျခဲ့တဲ့ နင့်အပြုအမူတွေအတွက်
ငါ့ကိုယ်ငါ ဟားတိုက်ချင်တယ်...
ငါ လျှော်ပစ်ခဲ့တဲ့ နင့်အညစ်အထေးတွေအတွက်
ငါ့ကိုယ်ငါ သရော်ပစ်ချင်တယ်...
ငါလေးစားခဲ့တဲ့ နင့်စိတ်ဓါတ်တွေအတွက်
ငါ့ကိုယ်ငါ ဘေးမဲ့ ပေးချင်တယ်...။
 ငါရက်ရောစွာပေးကမ်းခဲ့တဲ့
ခွင့်လွှတ်ခြင်းအတွက်..
ငါ့စိတ်ငါနှမြေမိတယ်.. ။

6 comments:

Yoemyaykya said...

တောင်းပန်တယ် ဆိုတိုင်းသာ
ငါ့ရင်တစ်ခြမ်းအကောင်းတိုင်းပြန်ရမယ်ဆိုရင်လေ.
မမရေစကားလုံးတွေအရမ်းလှတာပဲ။အရမ်းကြိုက်တယ်မမရေ။
နင်ထားတတ်တဲ့  အာဃာတတွေ
ငါရော မထားတတ်ဘူးထင်လား...
အမုန်းဆိုတာရော ငါမသုံးတတ်ဘူးထင်လို့ လား...
နင့်လုပ်ရက်တွေအားလုံးအတွက်
ခွင့်လွှတ်ခြင်းဆိုတာ ငါ့အတွက်
လွယ်ကူတယ်လို့ များ ထင်နေလား....။
တကယ်ထိထိမိမိခံစားလို့ကောင်းလိုက်တာ။

စံပယ်ချို said...

ငါ့အသည်းနှလုံး ထုတ်ယူစားသုံး
စုန်းစုန်းမြုပ်တော့မယ့် ငါ့ဘ၀ထဲက
မာနတွေကို ဖဲ့ခြွေလို့ ပဲ့ကြွေကျမှ
နင် အာသာပြေမယ်တဲ့ လား------
ကောင်းလိုက်တဲ့ကဗျာလေးနော်
ချစ်တဲ့ sis jasmine

ညီလင်းနိုင် said...

ကဗျာလေးထဲမှာ

မိန်းကလေးတစ်ယောက်ရဲ့ လှပတဲ့

မာနငွေ့လေးတွေ

ဆွတ်ဖျန်းထားတာကို ခံစားလိုက်မိတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

ညီလင်းနိုင် said...

ကွန်မန့်မဖျက်ပါဘူး ညီမလေးရေ...

မနေ့က တစ်နေ့လုံး ဘလော့ထဲ ဝင်မရ ဖြစ်နေတာလေ ။

မေးလ်ထဲမှာတော့ တွေ့တယ် ...

Lay out ထဲပြန်ဝင်လို့ရလို့ ကြည့်လိုက်တော့

ကွန်မန့်က spam ထဲ ရောက်နေလို့

publish ပြန်လုပ်ပေးလိုက်တာပါ ။

စိတ်မကောင်း ဖြစ်သွားတဲ့ အတွက်

တောင်းပန်ပါတယ်ဗျာ ။

( အောင်လ တော့မဟုတ်ဘူးပေါ့ )

:):):):)

မြတ်နိုးသူ said...

တောင်းပန်တယ် ဆိုတိုင်းသာ
ငါ့ရင်တစ်ခြမ်းအကောင်းတိုင်းပြန်ရမယ်ဆိုရင်လေ...
နင်ရောင်းစားပစ်ခဲ့တဲ့  ငါ့မာန တွေအတွက်
နင့်အပြစ်တွေကို အတိတ်ဟောင်းမှာ
ဆိတ်ငြိမ် စွာ ခေါင်းချစေခဲ့မိမှာပဲ..
ကဗျာလေးကတကယ်မိတယ်အားပေးသွားပါတယ်

Yoemyaykya said...

မမဘလော့လေးကို ဟိုနေ့က၀င်ကြည့်တော့ Blog not found ဖြစ်နေတာ။ တော်သေးတာဒီနေ့ဖွင့်လို့ရလို့။ မမရဲ့ ပေါက်ကွဲသံလေးတွေနားထောင်ချင်သေးတယ်နော်။လွန်ခဲ့တဲ့ရက်တွေမှာ ခဏခဏ၀င်ကြည့်တာဝင်လို့မရဘူး။ ဒီနေ့မှပဲ ဘလော့လေးက ပွင့်တယ်။